စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသမီးလင်းရေး အစီအစဉ်အရ ဆိုလာပြား အချပ်ရေ(၄၉၂)ချပ်အား မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော လယ်နောင်၊ တုံးပု၊ ဂဟဲ၊ ညောင်ကုန်း၊ နားဖာ၊ နားရခေါင်၊ ရွာသစ်ကုန်းကျေးရွာ စုစုပေါင်း(၇)ရွာအား နိုဝင်ဘာလ(၁၅)ရက်နေ့တွင် အပြီးတပ်ဆင်ပေးခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့ရွာက မြို့ပေါ်ကို သွယ်တန်းထားတဲ့ ဓါတ်အားလိုင်းနဲ့က ဝေးပါတယ်။ မီးရဖို့အတွက် ကြိုးသွယ်မယ်ဆိုရင်လဲ ရွာအနေနဲ့ ကုန်ကျစရိတ်က အရမ်းကြီးလွန်းပါတယ်။ အခုလို တစ်နိုင်တစ်ပိုင် ဆိုလာမီးလေးတွေ တပ်ပေးတော့ ရွာအနေနဲ့ ပိုလို့အဆင်ပြေပါတယ်။ ဖြစ်နိုင်ရင်တော့ မြို့ပေါ်ကလို လျှပ်စစ်မီး ရနိုင်ရင် ပိုလို့ကောင်းပါတယ်။ ” ဟု ဂဟဲကျေးရွာမှ ရွာသားတစ်ဦးက ပြောပြခဲ့သည်။

“အခုတပ်ဆင်ပေးထားတဲ့ ဆိုလာပြားတွေမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ကပ်ထားပေးပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်များနဲ့အညီ သုံးစွဲပြီး ဖြစ်ပေါ်လာတဲ့ ချို့ယွင်းမှုတွေကို အာမခံသက်တမ်းပြည့် ပြန်လည်ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။” ဟု ကျေးလက်မီးလင်းရေးလုပ်ငန်း ဆိုလာ တပ်ဆင်ရေး တင်ဒါအောင်မြင်ခဲ့သည့် icts ကုမ္ပဏီမှ တာဝန်ခံက ပြောပြခဲ့သည်။

သတင်း အချက်အလက်