စစ်ကိုင်းတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့ နံနက် (၁၀၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးမှ သဘာပတိအဖြစ် ဆောင်ရွက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။
အစည်းအဝေးသို့ စစ်ကိုင်းတိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များ၊ အထူးဖိတ် ကြားထားသူများ၊ အဆိုပြုလွှာ တင်ပြသည့် ကုမ္ပဏီများ တက်ရောက်ခဲ့ပြီး ရာခိုင်နှုန်းပြည့် မြန်မာ နိုင်ငံသားရင်းနှီး မြှုပ်နှံမှုဖြင့် ရင်းနှီးမြှုပ်နှံမှု ပမာဏကျပ် (၁၄၃၀.၁၀၀) သန်းလျာထား၍ စစ်ကိုင်းမြို့နယ်တွင် ဟိုတယ်တည်ဆောက် ဝန်ဆောင်မှု ပေးခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အတည်ပြုမိန့် ထုတ်ပေးခွင့်ပြုပါရန် တင်ပြခြင်းကိစ္စ၊ ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် စစ်ကိုင်းတိုင်း ဒေသကြီးရင်း နှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုပေးခဲ့သည့် ကျောက်စိမ်း/ ကျောက်မျက်များ အချောထည်နှင့် လက်ဝတ်ရတနာ ထုတ်လုပ်မှုလုပ်ငန်းကို အတည်ပြုမိန့် ပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ယခင်အစည်းအဝေးတွင် အတည်ပြုခဲ့သည့် လုပ်ငန်း (၆) ခု အတွက် အတည်ပြုမိန့်များကို ပေးအပ်ခဲ့ပါသည်။










