စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ(၂)ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရန်ကင်းရပ်ကွက်ရှိ ရန်ကင်းကျောင်းတိုက်သို့ ရောက်ရှိရာ အဂ္ဂမဟာပဏ္ဍိတ ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘုန်းစိုးရပ်ကွက်၊ ဇောတိကာရာမကျောင်းတ်ိုက်သို့ ရောက်ရှိရာ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝံသ ဆရာတော်ကြီးထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လှူဘွယ်ပစ္စည်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းပြီး နန္ဒဝန်ရပ်ကွက်ရှိ၊ သဒ္ဓမ္မဇောတကသုဗောဓာရုံကျောင်းတိုက် ဒွါဒသမတိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တအဘိဇာတာဘိဝံသ ဆရာတော်ကြီးထံ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသော တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၇/၂၀၂၁)သို့ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးတွင် စစ်ဆေးမှုများ များများပြုလုပ်ပြီး ရောဂါပိုးတွေ့ရှိပါက ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင် ကုသဆဲလူနာများအတွက် ကုသရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးမှုအနေဖြင့် ကာကွယ်ဆေးများ အမြန် ဖြန့်ဖြူးရန်နှင့် ပြည်သူများအား အမြန်ဆုံးထိုးနှံပေးနိုင်ရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် တည်ဆောက်ထားသော အောက်စီဂျင်စက်ရုံတွင် ဆောင်ရွက်နေသည့်ဝန်ထမ်းများအား လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းဆောင်ရွက်မှုများအား စေတနာပါပါဖြင့် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ” ပြောကြားခဲ့ပါသည်။ ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ်ကျော်စွာဝင်းက ကာကွယ် ဆေးထိုးနှံရေးလုပ်ငန်းများတွင် မိမိတို့အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ အောက်ဆီဂျင်များ ပြည့်မီစွာ ရရှိစေနိုင်ရေး လုပ်ငန်းများအား တာဝန်ရှိသူများနှင့်ပေါင်းစပ်၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားကာ အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးနှံခြင်းဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီများမှ ပညာပေးလုပ်ငန်းမျာဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းဆိုင်ရာလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီများမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

သတင်း အချက်အလက်