စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ် စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် စက်တင်ဘာလ(၁၈)ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ မာလဲတောကျေးရွာရှိ မိုးပျံနဂါးကုမ္ပဏီလိမိတက် ဘက်စုံမွေးမြူရေးခြံသို့ ရောက်ရှိရာ ခြံတာဝန်ခံ ဦးသက်ပိုင်ဖြိုးက ဘက်စုံမွေးမြူရေးခြံ မြေဧက - ၃၀ တွင် ဧက - ၂၀ အား စိုက်ပျိုးရေးအတွက်အသုံးပြုထားပြီး ကျန်မြေ - ၁၀ ဧကအား မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က လူတိုင်းအတွက်ကျန်းမာစွာဖြင့် အသက်ရှည်နေထိုင်နိုင်ရေးသည် အရေးကြီးပါကြောင်း၊ ၎င်းအတွက် ကျန်းမာရေးနှင့် ကိုက်ညီသည့် သန့်ရှင်းလတ်ဆတ်သော အသားများကို ဈေးနှုန်းသက်သာစွာဖြင့် လုံလောက်စွာ ဝယ်ယူနိုင်ရေးသည် အရေးကြီးပါကြောင်း၊ မွေးမြူရေးကိုစိုက်ပျိုးရေးနှင့်အတူ ပူးတွဲလုပ်ကိုင် ဆောင်ရွက်ခြင်းဖြင့် မွေးမြူရေးစွန့်ထုတ်ပစ္စည်းများသည် စိုက်ပျိုးရေးတွင်မြေသြဇာအဖြစ် အစားထိုးအသုံးပြုနိုင်ခြင်း ကြောင့် ကုန်ကျစရိတ်သက်သာသည့်အပြင် ဓာတုပစ္စည်းများ၏ ဆိုးကျိူးအန္တရာယ်မှ ကင်းလွတ် ခြင်းကြောင့် စားသုံးသူများရဲ့ကျန်းမာရေးကို များစွာအထောက်အကူပြုပါကြောင်း၊ မွေးမြူရေးထုတ် ကုန်များကိုလည်း ဒေသခံများနှင့် တိုင်းဒေသကြီးအတွင်းသာမက ပြည်ပသို့တင်ပို့ရောင်းချ နိုင်ရေးအတွက်ပါ ရည်မှန်းလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် ဈေးနှုန်း သက်သာပြီး ကျန်းမာရေးနှင့်ပါကိုက်ညီအောင် သတိပြုဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း ပြောကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးပြီး ဘက်စုံမွေးမြူရေးခြံအတွင်း ဒေသနွားပြာစိမ်း အကောင်ရေ - ၁၉၇ ကောင်၊ CP ဝက် အကောင်ရေ - ၁၀၆၇ ကောင်၊ ဂျိတ်နီ ဆိတ်အကောင်ရေ - ၇၈ ကောင်၊ တိုင်းရင်း ကြက် အကောင်ရေ - ၂၉၂ ကောင်၊ မွေးမြူထားရှိမှုနှင့် နေဗီယာမြတ် - ၉ ဧက စိုက်ပျိုးထားရှိမှု တို့အား လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ သဇင်ပန်းကြက်မွေးမြူရေးခြံ ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ခြံတာဝန်ခံ ဦးဆန်းယုက အသားတိုးကြက် - ၃၈၀၀၀ ကောင် မွေးမြူထားရှိမှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်ဆည်ကျေးရွာရှိ ဝက်မွေးမြူရေးခြံ တည်ဆောက်ရေးရှင်းလင်းဆောင်သို့ ရောက်ရှိရာ ခြံတာဝန်ခံ ဦးဆန်းယု က ဝက်မွေးမြူရေးခြံ တည်ဆောက်နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဝက်မွေးမြူရေးခြံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။


