မုံရွာ စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းနှင့် တာဝန်ရှိ သူများလိုက်ပါလျှက် စက်တင်ဘာလ (၂၆)ရက်၊ နံနက်ပိုင်းတွင် ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက်ရှိ အောက်ဆီဂျင်စက်ရုံသို့ရောက်ရှိရာ ရွှေဘိုမြို့နေပြည်သူများ အောက်ဆီဂျင်ပြည့်မီစွာရရှိ ရေးအတွက် တစ်ရက်လျှင် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး - ၂၀၀ အိုး ထုတ်လုပ်နေမှုအား ကြည့်ရှု့ စစ်ဆေးပြီး စက်ရုံတာဝန်ခံ ဦးကိုကိုကြီးက အောက်ဆီဂျင်စက်ရုံလည်ပတ်နေမှု လုပ်ငန်းများ၊ လျှပ်စစ် မီးရရှိရေး၊ အဆောက်အဦတိုးချဲ့တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး စက်ရုံအတွက်လိုအပ်လျက်ရှိသည့် 200 KVA ထရန်စဖော်မာ ၁ လုံးအား တိုင်းဒေသကြီးအစိုးရမှ ဖြည့်ဆည်းပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘို မြို့၊ ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ဆေးရုံအုပ်ကြီး၊ ဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ ရွှေဘိုမြို့၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင် က ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်ဌေးသန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု လုပ်ငန်းများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရွှေဘိုမြို့ ပြည်သူ့ဆေးရုံအုပ် ကြီးနှင့် တာဝန်ရှိသူများထံ ဆေးရုံသုံးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအားပေးအပ်ပြီး ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ ဂေါက်ကွင်းလမ်း၊ အရှည် ၂၂၅၀ ပေ၊ အကျယ် ၁၈ ပေ၊ ၉ လက်မထု ကွန်ကရစ်လမ်းခင်းကျင်းနေမှုနှင့် ရွှေဘိုမြို့၊ ပေါ်ဦးလမ်းပေါ်ရှိ တံတားအထူးအဖွဲ့(၂)မှ တာဝန်ယူတည်ဆောက်နေသည့် တံတားနက် တံတား အရှည် ၁၂၀ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ သံကူကွန်ကရစ် ကြမ်းခင်းတံတား တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ မြို့မဈေးသို့ရောက်ရှိရာ စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းဦးက ဆိုင်ခန်းများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဈေးရောင်းချသူပြည်သူများ ရောင်းဝယ်ရေးလုပ်ငန်းများ အဆင်ပြေစွာ ပြန်လည်ရောင်းချနိင်ရေးအတွက် အချိန်မီတည်ဆောက်ပြီးစီးရေး၊ စံချိန်စံညွှန်းမီ အရည်အသွေး ကောင်းမွန်စွာတည်ဆောက်ရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်အတွင်းဘေး အန္တရာယ်ကင်းရှင်းရေးတို့နှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘိုမြို့၊ မဟာနန္ဒာကန်တော်ရှင်းလင်းဆောင်သို့ ရောက်ရှိရာ ရွှေဘိုခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်တင့်က မဟာနန္ဒာကန်တော် ကန်ရေဝင်ရောက်မှုအခြေအနေအား လည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဦးက မဟာနန္ဒာကန်မှ မြို့သောက်သုံးရေပေးဝေနေမှု လုပ်ငန်းများအား လည်းကောင်း အသီး သီးရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အသီးသီးတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ မဟာနန္ဒာကန် အမှတ် (၁)နှင့် အမှတ်(၂)ကန်ရေဝင်ရောက်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ရွှေဘို မြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ စပါးတစ်ဧကအထွက်နှုန်းတိုးရေး စံပြစိုက်ခင်း တောင်သူ ဦးဝင်းဘို၏ ရွှေဘိုပေါ်ဆန်း - ၈ ဧကတွင် မြေသြဇာကြဲပတ်နေမှုနှင့် ယူရီးယားဓါတ်မြေသြဇာ အသုံး ပြုမှုသရုပ်ပြသနေမှုတို့အား ကြည့်ရှု့အားပေးပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လက်ဆောင်ပစ္စည်းများပေးကာ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာရှိ၊ မျိုးစေ့သန့်စင်စက်ရုံသို့ ရောက်ရှိရာ စက်ရုံ တာဝန်ခံ ဦးမင်းဆွေက မျိုးစေ့သန့်စင်စက်ရုံလည်ပတ်မှု လုပ်ငန်းများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်