မုံရွာ အောက်တိုဘာ ၂    

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမူရေးရာဝန်ကြီး ဦးအေးလိူင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ(၂)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အောင်သာကျေးရွာရှိ သဗ္ဗုဒ္ဓေစေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ ဆရာတော်ကြီးထံ အလှူငွေများဆက်ကပ်လှူဒါန်းပြီး  ခတ္တကန်(တ)ကျေးရွာ၊ မဟာဗောဓိတထောင်ရွှေကျောင်းတိုက် နာယကဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများ၊ ဆွမ်းဆန်စိမ်းများနှင့် အလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မဟာဗောဓိ တထောင်တွင် တည်ထားကိုးကွယ်တည်ဆောက်နေသော ဉာဏ်တော်-၂၄၁ ပေရှိ လေးကျွန်းစင်္ကြာထိုင်တော်မှု ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်နေမှုနှင့် အဝင်လမ်းဆောင်ရွက်မည့် နေရာတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဗောဓိ တထောင်တောင်တန်းပေါ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ ဒေသစိမ်းလန်းစိုပြေရေးအတွက် သစ်ပင်များစိုက်ပျိုးထားမှုကို သွားရောက်ကြည့်ရှုရာ ရှင်းလင်းဆောင်တွင် အပူပိုင်းဒေသစ်စိမ်းလန်းစိုပြေရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနိုင်ကြွယ်က ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင် သစ်ပင်ပေါင်း - ၃၃၅၀၀ စိုက်ပျိုးထားမှုနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးခဲ့သည့် သစ်ပင်ပေါင်း - ၃၃၅၀၀ပင် ရှင်သန်ဖြစ်ထွန်းနေမှု၊ အစားထိုးစိုက်ပျိုးမှုနှင့် စိုက်ပျိုးထားသည့်သစ်ပင်များကို တောင်ခြေရှိအဝီစိတွင်းမှ ရေများကိုရေတင်စက်များဖြင့် အဆင့်ဆင့်တင်ကာ တောင်ထိပ်ပေါ်ရှိ လီတာ - ၃၀၀၀ ဆံ့ ဖိုက်ဘာရေတိုင်ကီ - ၃၅ လုံးမှတစ်ဆင့် နေ့စဉ်ရေသွယ်ပိုက်များဖြင့် ရေများပေးဝေနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဗောဓိတထောင် တောင်တန်းပေါ်တွင် စိုက်ပျိုးဖြစ်ထွန်းမည့် သစ်ပင်မျိုးများကိုသာ စိုက်ပျိုးရန်၊ ရေလိုအပ်ချိန်တွင် အချိန်မီရေပေးဝေခြင်း ဆောင်ရွက်ရန်၊ တောမီးများကူးစက် လောင်ကျွမ်းမှု မခံရစေရေးအတွက် အထူးအလေးထား ဆောင်ရွက်ကြရန်၊ ယခင်နှစ်များက စိုက်ပျိုးခဲ့သည့် သစ်ပင်များ ရှင်သန်ကြီးထွားစေရေးကိုလည်း ဂရုပြုဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး ဗောဓိတထောင် တောင်တန်းပေါ်တွင် စိုက်ပျိုးထားရှိသော သစ်ပင်များရှင်သန်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည် များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်