မုံရွာ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာလ (၄)ရက်၊ နံနက်(၁၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အမှာစကားပြောကြားရာတွင် “ စစ်ကိုင်း တိုင်းဒေသကြီး၏ ဘက်ဂျက်တွေကို ရေးဆွဲတဲ့အခါ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ရရှိလာမည့် ဘက်ဂျက်ခွင့်ပြု ဘောင်အတွင်းမှာ လုပ်ငန်းစီမံကိန်းများကို ဦးစားပေးအစဉ်အစီများ အလိုက် ထည့်သွင်းရေးဆွဲရမှာ ဖြစ်ပါကြောင်း၊ အဲဒီလို ရေးဆွဲတဲ့အခါမှာ ပြည်သူလူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းရန်၊ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရန်၊ မိမိတို့သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် စသည်ဖြင့် ဘက်ပေါက်းစုံမှ စဉ်းစားပြီးရေးဆွဲရမှာဖြစ်ပါကြောင်း၊ ထိုသို့ ရေးဆွဲတဲ့အခါမှာလည်း မြေပြင်အနေအထားများ ဒီဇိုင်းပုံစံများ စံချိန်စံညွှန်းများနှင့် ပတ်သက်ပြီး သက်ဆိုင် ရာဌာနများက သေချာခန့်မှန်းရေးဆွဲရမှာ ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်သမ္မတရုံး၏ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ဌားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်အမှတ် ၁/၂၀၀၇ ဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ” ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်မိမိလိူင် က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် ရသုံးမှန်းခြေ ငွေစာရင်းရေးဆွဲခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအလိုက် ဘဏ္ဍာရေးဆိုင်များကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြုဆွေးနွေးကာ အစည်းအဝေးသို့ တက်ရောက်လာသူများက အထွေထွေ ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် ရသုံးမှန်းခြေ ငွေစာရင်း ရေးဆွဲခြင်း၊ ဘဏ္ဍာရေးဆိုင်ရာများနှင့်ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်ပြီး မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမတွင် ကျင်းပသော မုံရွာခရိုင်အတွင်းရှိ စေတနာ့ ဝန်ထမ်းများအား ကျန်းမာရေးသုံး အကာကွယ်ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားရာတွင် “ ကိုဗစ်-၁၉ ရောဂါကို စွမ်းစွမ်း တမံကူညီဆောင်ရွက် ပေးကြတဲ့စေတနာ့ဝန်ထမ်းများ၏ စွမ်းဆောင်မှုဟာ အများကြီးလေးစားစရာ စွမ်းဆောင်မှုပဲဖြစ်ပါကြောင်း၊ နိုင်ငံအတွက် ဂုဏ်ယူစရာလည်းကောင်းသလို စစ်ကိုင်းတိုင်းဒေသကြီးအတွက် ဆောင်ရွက်ပေးကြတဲ့အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများကို ဆက်လက် တိုးမြင့်ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် စေတနာ့ဝန်ထမ်းများအနေဖြင့်လည်း တာဝန်ရှိသူများနှင့်ပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းလိုပါကြောင်း ” ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက တိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးခဲ့မှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်တို့မှ စေတနာ့ဝန်ထမ်းများထံ ကျန်းမာရေးသုံး ကာကွယ်ရေးပစ္စည်းများ အသီးသီးပေးအပ်ကြပြီး စေတနာ့ဝန်ထမ်းများကိုယ်စား စေတနာ့ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အခမ်းအနားသို့ တက်ရောက်လာကြသော စေတနာ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်