မုံရွာ နိုဝင်ဘာ၂၃

          သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ပူးပေါင်း၍ စစ်ကိုင်းမြို့အတွင်း ဆွမ်းကွမ်း အခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နိုဝင်ဘာလ (၂၁)ရက် ညနေပိုင်းတွင် စစ်ကိုင်းမြို့၊ ထူပါရုံရွှေကျောင်းရှိ ရတနာဓမ္မာရုံတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ အကြီးအကဲများနှင့် ဝန်ထမ်းများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး  စစ်ကိုင်းမြို့၊ ရတနင်္ကရကျောင်းတိုက် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဌ ဒေါက်တာဘဒ္ဒန္တ ကုဏ္ဍလ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်များက ငါးပါး သီလခံယူ ဆောက်တည်ကြသည်။

          ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့် ပရိတ်များက မေတ္တာသုတ်ပရိတ် တရားတော်များ နာယူကြည်ညိုပြီး တာဝန်ရှိသူများနှင့်အတူ ဆရာ တော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများအသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

          ထို့နောက် စစ်ကိုင်းမြို့၊ ဇီနောဒယပရိယတ္တိစာသင်တိုက်၏ ပဗာနနာယက၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တကာရုဏိက ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာသနံ စိရံ တိဌတု “ သုံးကြိမ် ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

          အဆိုပါ စစ်ကိုင်းမြို့အတွင်း ဆွမ်းကွမ်း အခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ဘုန်း တော်ကြီးကျောင်းတိုက် (၃၆)တိုက်၊ သီလရှင်ကျောင်း (၁၅)ကျောင်းအတွက် ၁၆၄.၁၇ အိတ်၊ ဆီ ၄၁၄ ပိဿ၊ ပဲ - ၄၁၄ ပြည်၊ ဆား - ၁၀၃.၅ ပိဿ စုစုပေါင်းကာလတန်ဖိုးငွေကျပ် - ၁၂၅၉၆၉၀၀ (တစ်ရာနှစ်ဆယ့်ငါးသိန်းကိုးသောင်းခြောက်ထောင်ကိုးရာ)ကျပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ စစ်ကိုင်းမြို့နယ်အတွင်းရှိ ပရိယတ္တိဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်  ၁၀ ပြည် အိတ် - ၉၅ အိတ်၊ ၈ ပြည်အိတ် - ၂၀၂ အိတ်၊ ဆီ - ၂၉၇ ပိဿ၊ ပဲ - ၂၉၇ ပြည်၊ ဆား - ၂၉၇ ပိဿ ကာလတန်ဖိုးငွေကျပ် - ၈၃၉၃၉၈၀ (ရှစ်ဆယ့်သုံးသိန်းကိုးသောင်းသုံးထောင်ကိုးရာရှစ်ဆယ်)ကျပ် တို့ အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

          ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် နိုဝင် ဘာလ (၂၂)ရက် နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ စက်မှုဇုန်အစည်းအဝေးခန်းမတွင် ကျင်းပသော စက်မှု ဇုန်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားသည်။

          ယင်းနောက် စစ်ကိုင်းစက်မှုဇုန်ကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးကိုကိုမြင့်နှင့် ကော်မတီအဖွဲ့ ဝင်များက စစ်ကိုင်းစက်မှုဇုန် လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ သောက်သုံးရေရရှိမှု၊ လျှပ်စစ်မီးသုံးစွဲမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဖြည့်စွက်အကြံပြု တင်ပြ ကြကာ တိုင်းသေကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း စက်မှုဇုန်ရှိ Blue Bird ပလပ်စတစ်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံပိုင်ရှင်မှ လူသုံးကုန် ပလပ်စတစ်ပစ္စည်းများ ထုတ်လုပ်နေမှုများအား လှည့်လည်ပြသရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် ဟွန်ဒါမြန်မာ သစ်ပါးလွှာထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ အဆိုပါစက်ရုံပိုင်ရှင်မှ သစ်ပါးလွှာထုတ်လုပ် နေမှုအဆင့်ဆင့်နှင့်  သစ်အချောထည် ထုတ်လုပ်နေမှုများအား လှည့်လည်ကြည့်ရှု့ စစ်ဆေးခဲ့သည်။

          ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဂရိတ်ယူနတီကုမ္ပဏီ လိမီတက် ဓါတ်မြေသြဇာစက်ရုံသို့ ရောက်ရှိရာ အဆိုပါစက်ရုံပိုင်ရှင်မှ ဓါတ်မြေသြဇာစက်ရုံ လည်ပတ်ထုတ်လုပ်နေမှုနှင့် ထွက်ရှိလာသည့်ဓါတ်မြေသြဇာများ၏ အရည်အသွေးစစ်ဆေး ကြီးကြပ်မှု အခြေအနေများအား လှည့်လည်ပြသရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝနှ်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်း အချက်အလက်