ဇန်နဝါရီ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၂)ကို ဇန်နဝါရီလ(၁၃)ရက်၊ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကား ပြောကြားရာတွင် “ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများအနေဖြင့် ဦးတည်အုပ်စုအလိုက် Phase 6 ကာကွယ်ဆေးများကို လျာထားရည်မှန်းချက်များအတိုင်း အောင်မြင်စွာ ထိုးနှံနိုင်ရေး အတွက် တာဝန်ရှိသူများက အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးများအား မြို့နယ်များသို့ စနစ်တကျခွဲဝေပေးရေး၊ ဆေးများကို ပျက်စီးမှုမရှိ အောင် သည်ဆောင်ထိန်းသိမ်းရေးနှင့် အချိန်မီရောက်ရှိရေး၊ ထိုးနှံနိုင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အထူးအလေးထား ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ကူးစက်မှု များ လျော့ကျသွားသော်လည်း အသိပညာပေးခြင်းနှင့် ကြပ်မတ်စစ်ဆေးမှုများအား မလျော့ချဘဲ သက်မှတ်စည်းကမ်းချက်များအတိုင်း ပြုမူနေထိုင်ကာ လိုက်နာရန်လိုအပ် ပါကြောင်းနှင့် အခြေအနေပေးသည့် နေရာများတွင် ရောဂါပိုးစစ်ဆေးခြင်းနှင့် ကာကွယ် ဆေးထိုးနှံခြင်းကို ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံနိုင်ရေးအတွက် တာဝန်ရှိများက စာရင်းများကြိုတင်ပြုစု ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း၊ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများအား သက်မှတ်စုနှင့် ရွေ့လျားဆောင်ရွက်မှုရပ်များတွင် အဆင်ပြေစွာ ဆေးထိုးနှံရေးအတွက် တာဝန်ရှိသူများ က အသိပညာပေးခြင်းလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း ” ပြောကြားခဲ့သည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု၊ ဆေးရုံတက်ရောက် ကုသမှုနှင့်ဆေးရုံဆင်းမှု၊ အောက်ဆီဂျင်ထုတ်လုပ် သုံးစွဲမှု၊ သတ်မှတ်လျာထားချက်ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှု အခြေအနေများနှင့် လုံခြုံရေးဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။