ဇန်နဝါရီ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဇန်နဝါရီလ (၂၂)ရက် နံနက်ပိုင်းတွင် မုံရွာမြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ၂၀၂၁-၂၀၂၂ ခုနှစ်၊ Mini Budget ဖြင့် ဆောင်ရွက်လျက်ရှိသော မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ စွယ်တော်လမ်း၊ အရှည် - ၂၅၀၀ ပေအား၊ အကျယ် - ၁၈ ပေအား နိုင်လွန်ကတ္တရာ ၃ လက်မခွဲထု ခင်းကျင်းနေမှုအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရှင်းလင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မြို့သစ်ရပ်ကွက်၊ စိန်ပန်းပြာလမ်း အရှည် - ၂၅၅၀ ပေနှင့် စိန်ပန်းဝါလမ်း အရှည် - ၂၆၀၀ ပေအား နိုင်လွန်ကတ္တရာလမ်း ခင်းကျင်းပြီးစီးမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် အိုးဘို တောင်ရပ်ကွက်ရှိ စိန်ပန်းနီလမ်း အရှည် - ၉၇၀ ပေအား အကျယ် - ၁၈ ပေ ကတ္တရာ လမ်းခင်းကျင်းနေမှု၊ ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက် လမ်းဘေးဝဲ/ယာရှိ ရေနုတ်မြောင်းများရှင်းလင်းနေမှု၊ ရေနုတ်မြောင်းများတူးဖော်ပေးနေမှုနှင့် ထင်းရှုးလမ်း အရှည် - ၉၇၀ ပေအား ကတ္တရာလမ်းခင်းရန် လမ်းပြင်ဆင်နေမှုများအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ရှင်းလင်း တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကတ္တရာလမ်းခင်းနေမှု လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ လမ်းများအားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။