ဇန်နဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုပ်ငန်းများအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရေး ညှိနိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂)ကို ဇန်နဝါရီလ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က “ တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ခရိုင်နှင့် မြို့နယ်အလိုက် လုပ်ဆောင်ရမည့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာများ၊ တိုင်းနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာများမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများအား သက်မှတ်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးရေးအတွက် ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ညွှန်ကြားမှုများအပေါ် တိကျစွာလိုက်နာ အကောင်အထည်ဖော်ရေးနှင့် ဝန်ထမ်းများအားလုံးအနေဖြင့် မိမိတို့မူလတာဝန်များအပြင် လိုအပ်မှုအရ ပေးအပ်လာသည့် တာဝန်များကိုပါ ကျေပွန်စွာထမ်းဆောင်ရေး၊ ဝန်ထမ်းအချင်းချင်း သံယောဇဉ်တရားဖြင့် လုပ်ကိုင်နေထိုင်ရေးတို့အား'' ပြောကြားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရိုင်များမှ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများက Video Conferencing စနစ်ဖြင့် မိမိတို့ ခရိုင်များအတွင်းရှိ ခရိုင်/မြို့နယ်များ၏ ဒေသတည်ငြိမ်အေးချမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ လျှပ်စစ်ဓာတ်အားခနှင့် အခွန်အခများကောက်ခံနေမှု၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများပြုလုပ်ပေးနေမှု၊ ကာကွယ်ဆေးများထိုးနှံပေးနေမှု၊ တင်ဒါစနစ်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊မြို့ရွာသန့်ရှင်းသပ်ရပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများက တိုင်းဒေသကြီး အတွင်းရှိ ခရိုင် / မြို့နယ်များအတွင်း မိမိတို့ဌာနများအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အသီးသီးရှင်းလင်း တင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများအား ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လုပ်ငန်းများအောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေးတင်ပြချက်များ အပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်း အချက်အလက်