မုံရွာ ဖေဖော်ဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီအစည်းအဝေး (၂/၂၀၂၂)ကို ဖေဖော်ဝါရီလ (၁၆)ရက်၊ မွန်းလွဲ(၁)နာရီအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခင်အစည်းအဝေးတွင် ကျွန်တော်တို့ကော်မတီမှ စစ်ကိုင်းမြို့၊ တင်းတိပ် ကျေးရွာအုပ်စုတွင် အဝတ်အထည် ထုတ်လုပ်ရောင်းချသည့်လုပ်ငန်းတစ်ခုကို ကော်မတီကအတည်ပြုမိန့်ပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၅၀၀ကျော်ကို ဖန်တီးပေးနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဓါတ်မြေသြဇာထုတ်လုပ်တဲ့ လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့် ဆက်စပ်တဲ့လုပ်ငန်းရှင်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းရှင်များကိုလည်း ဖိတ်ကြားထားပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍကလည်း ဦးစားပေးကဏ္ဍမှာပါဝင်တဲ့အတွက် အဖွဲ့ဝင်များအနေနဲ့လည်း လိုအပ်တဲ့အကူအညီများကို ဝိုင်းဝန်းဆောင်ရွက်ပေးသွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြား ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက စစ်ကိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်လျှက်ရှိသည့် Dehong Technology (Sagaing) Co,Ltd က Jinxin Technology (SagaingCo,Ltd )သို့ ကုမ္ပဏီအမည်ပြောင်းလဲပြင်ဆင်ခွင့်ပြုပါရန် တင်ပြလာခြင်းနှင့် Snacks Mandalay Co,Ltd က မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ဥပဒေနှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နှမ်းနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တင်ပြလာခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဝင်းက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ဇန်နဝါရီလအတွင်း ကွင်းဆင်းဝန် ဆောင်မှုပေးခဲ့မှုများနှင့် ပတ်သက်၍ တင်ပြဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းလွင်က တိုင်းဒေသကြီး ဗဟိုကော်မတီထံသို့ ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီများအနေဖြင့် မြေလွတ်မြေရိုင်းလျှောက်ထားမှု လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက မြေလွတ်မြေရိုင်း စိုက်ပျိုးရာတွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍လည်းကာင်း၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးက ရင်းနှီးမြုပ်နှံမည့်ကုမ္ပဏီများ လုပ်ငန်းများဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး လုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေး တင်ပြကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြော ကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။