မတ် ၁၀
၂၀၂၂-ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့တွင် တပ်မတော်(လေ)မှ A-5 တိုက်ခိုက် ရေးလေယာဉ်သည် တံတားဦးလေဆိပ်မှ လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကျောက်ပနန်ကျေးရွာအနီးသို့ ပျက်ကျမှုဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ထိုဖြစ်စဉ်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား တက်ကြွစွာကူညီလုပ်ကိုင်ပေးကြသည့် ကျောက်ပနန်ကျေးရွာ၊ ကံကြီးကုန်းကျေးရွာ၊ စာရေးကျေးရွာများမှ ဒေသခံပြည်သူများအား မတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများက သွားရောက်၍ ရင်းရင်းနှီးနှီးတွေ့ဆုံ ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြပြီး ကျေးရွာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကာ ဒေသခံပြည်သူများနှင့်အတူ နေ့လည်စာသုံးဆောင်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ ရာဇမဏိစူဌာကောင်းမှုတော် စေတီတော်မြတ်ကြီးရှိ အောင်မြေဗောဓိဓမ္မာရုံတော်တွင် ကျင်းပသော ရာဇမဏိစူဌာကောင်းမှုတော် သြဝါဒါစရိယ ဆရာတော်ကြီးများ၏ သြဝါဒခံယူပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပြီး စစ်ကိုင်းမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော်၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဒေါက်တာအ ရှင်ဉာဏိဿရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သီတဂူဆရာတော်ကြီး အမှူးပြုသော ရာဇမဏိစူဌာကောင်းမှုတော် သြဝါဒါစရိယ ဆရာတော်ကြိးများမှ သြဝါဒမိန့်ကြားကြသည်။ 
 
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လစ်လပ်လျက်ရှိသည့် ရာဇမဏိစူဌာကောင်းမှုတော် စေတီတော်ကြီး၏ သြဝါဒစရိယဆရာတော်များနှင့် ဂေါပကအဖွဲ့ဝင်များရွေးချယ်ဖွဲ့စည်းရေး၊ စေတီတော်ကြီးနှင့် စေတီတော်ရင်ပြင်တွင် ဆောင်ရွက်သွားမည့် သာသနာရေးနှင့် ဘာသာရေးဆိုင်ရာများ လျှောက်ထားပြီး ရာဇမဏိစူဌာကောင်းမှုတော် သြဝါဒါစရိယ ဆရာတော်ကြိးများမှ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ လျှောက်ထားမှုအပေါ် ပြန်လည်မိန့်ကြားခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား သင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းကြပြီး စစ်ကိုင်းမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်၏ အဓိပတိဆရာတော်၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဘိ ဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဒေါက်တာအရှင်ဉာဏိဿရ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက အနုမောဒနာ တရားနာယူ၍ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ် ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်