မတ် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၂၀၂၂-ခုနှစ်၊ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းခြင်း မဟာမင်္ဂလာ အခမ်းအနားကို မတ်လ(၁၆)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မဟာစည်းခုံကြီးစေတီတော်မြတ်ကြီးရှိ သာသနာ့ဗိမ္မာန် တော်ကြီးတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး ဒေါ်မြင့်မြင့်အောင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တပ်မတော်အရာရှိများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး စစ်ကိုင်းမြို့၊ ပံသုကူကျောင်းတိုက်၊ ပဓာနနာယက၊ စစ်ကိုင်းတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဒုတိယဥက္ကဌ ဆရာတော် ဘဒ္ဒန္တသုစိတ္တ ထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်၊ မဟာဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရဆရာတော်ဘဒ္ဒန္တတေဇနိယမှ သမ္မောနီယသြဝါဒကထာ မြွတ်ကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က သာသနာရေးဆိုင်ရာများလျှောက်ထားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးဒေါ်မြင့်မြင့်အောင်တို့က  တာဝန်ရှိသူများနှင့်အတူ  ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ဘွဲ့တံဆိပ်တော်နှင့်လှူဘွယ်   ဝတ္တုပစ္စည်းများ  အသီးသီး ဆက်ကပ်လှူဒါန်းကြပြီး စစ်ကိုင်းမြို့၊ ရတနာဓူဝံကျောင်းတိုက် ပဓာနနာက၊ စစ်ကိုင်းတိုင်းဒေသကြီး သံဃနာယကအဖွဲ့(ရွှေကျင်)ဥက္ကဌ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဇောတိက ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရား နာယူကြည်ညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၂၂-ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ် အပ်နှင်းခြင်း မဟာမင်္ဂလာအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ သာသနာ တော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များကို ရရှိတော်မူခဲ့သော အဂ္ဂမဟာပဏ္ဍိတ(၁)ပါး၊ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ(၄)ပါး၊ အဂ္ဂမဟာ သဒ္ဓမ္မဇေတိကဓဇ (၃)ပါး၊ အဂ္ဂမဟာကမ္မဌာနာစရိယ(၁)ပါး စုစုပေါင်း ဆရာတော်ကြီး(၉)ပါးတို့သည် နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် စည်ကားသိုက်မြိုက်စွာ တစ်ပြိုင်နက် လှူဒါန်းအပ်နှင်းခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှကျန်ရှိသော သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆရာတော်ကြီး (၁၂)ပါး၊ သီလရှင်ဆရာကြီး (၇) ပါး၊ ချင်းပြည်နယ်မှ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး(၂)ပါး၊ စုစုပေါင်း(၂၁)ပါးတို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်း အချက်အလက်