မတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေး ဟောပြောပွဲနှင့် နွေရာသီသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို မတ်လ (၂၈)ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အလုံတပ်မြို့အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိဘနှင့်ဆရာများက သားသမီး တပည့်များကို ဗလငါးတန်နှင့်ပြည့်စုံပြီး တိုင်းပြည်ကအားထားရသော လူတော်လူကောင်းများ စိတ်ရင်းစိတ်ထားကောင်းကောင်းဖြင့် အများအကျိုးသယ်ပိုးလိုသော စိတ်ကောင်းစေတနာ ကောင်းရှိသူများ ဖြစ်စေချင်ကြပါကြောင်း၊ ကျောင်းသား ကျောင်းသူများသည် ကာယ၊ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်ခြင်းနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်ပြီး ယဉ်ကျေးလိမ္မာသော သားငယ်သမီးငယ်များဖြစ်လာစေရန် အခြေခံပညာကျောင်းများသည် အဓိကတာဝန်ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများသည် ယခုလိုနွေရာသီကျောင်းပိတ်ရက် ကာလများကို ကျောင်းသား၊ကျောင်းသူများအတွက် အချိန်ကိုအကျိုးရှိစွာအသုံးပြု၍ ဟောပြောပွဲနှင့် သင်တန်းများဖွင့်လှစ်ပို့ချပေးခြင်းဖြင့် နိုင်ငံတော်ကအားကိုးအားထားရသော နိုင်ငံသားကောင်းများစွာ ပေါ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း၊ ကျောင်းသားကျောင်းသူများ အနေဖြင့်လည်း ကျောင်းပိတ်ရက်အချိန်ကို အကျိုးရှိစွာဖြင့်အသုံးချ၍ မိမိတို့အလိုရှိသော ပညာရပ်များကို စိတ်ပါဝင်စားစွာ လေ့လာသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ပညာရေးဦးစီးမှူး ဦးတိုးဝင်းက ဟောပြောပွဲနှင့် သင်တန်း များဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက လူငယ်များစာရိတ္တမြင့်မားရေး နှင့် မျိုးချစ်စိတ်ဓာတ် အကြောင်းအရာများအား ဟောပြောခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က သင်တန်းသား၊ သင်တန်းသူများအတွက် ငွေကျပ်(၅)သိန်းအားပေးအပ်ခဲ့ရာ အလုံတပ်မြီု့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးက လက်ခံရယူပြီး အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ် သန်းထိုက်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ဆရာမ တစ်ဦးက လက်ခံရယူခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသာ နံရံကပ်ဓာတ်ပုံများနှင့် စာအုပ်၊ စာစောင်များအား လိုက်လံကြည့်ရှုအားပေးပြီး အလုံအမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကွန်ပျူတာအခြေခံ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် အင်္ဂလိပ်စကားပြောအခြေခံ သင်ကြားနေမှုများအား ကြည့်ရှုအားပေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။