မုံရွာ ဧပြီ ၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် ဧပြီလ(၄) ရက်နေ့ နံနက်ပိုင်းတွင် ခန္တီးခရိုင်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့၊ ထေရဝါဒဗုဒ္ဒ သာသနာပြု(ဗဟို)ကျောင်းတိုက် ဆရာတော်ထံ သင်္ကန်း၊ ဆွမ်းဆန်စိမ်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းချက်ဆောင် အဆောက်အဦတည်ဆောက်ရန် သိန်း(၁၅၀-တစ်ရာ့ငါးဆယ်)နှင့် လဟယ်မြို့၊ သီလရှင်ကျောင်းတိုက် ဆွမ်းချက်ဆောင် အဆောက်အဦ တည်ဆောက်ရန်အတွက် အလှူငွေ ကျပ် သိန်း(၁၅၀-တစ်ရာငါးဆယ်)တို့အား ဆက်ကပ်လှူဒါန်းပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ နာဂရိုးရာပြတိုက်တွင် ကျင်းပသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေး မြူရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ လဟယ်ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့က ခရိုင်/ မြို့နယ် ဆိုင်ရာ အချက်အလက်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေး၊ ကာကွယ်ဆေးထိုးခြင်းနှင့် ပန်းခင်းစီမံချက်အရ နိုင်ငံသားစီစစ်ရေးကတ်ပြား ရရှိရေးဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က လဟယ်မြို့နယ်၊ စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌထံ မြို့နယ်အဆင့်ဌာနဆိုင်ရာများအတွက် ငွေကျပ်(၁၀)သိန်းအား ပေးအပ်ပြီး ဒေသခံတိုင်းရင်းသားများကိုယ်စား နာဂရိုးရာအဖွဲ့ဥက္ကဌ ဦးမောင်ကုက ကျေးဇူးတင်စကား ပြန်လည်ပြော ကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရှင်းလင်းတင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိရာ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပေးအပ်သည့် အောက်ဆီဂျင် စက်ရုံနှင့်စက် တည်ဆောက်တပ်ဆင်နေမှုနှင့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုနှံပေးနေမှုတို့အား ကြည့်ရှုအားပေးကာ ဆေးရုံဝန်ထမ်းများနှင့် လူနာများ အတွက် ငွေကျပ်(၅)သိန်းအား သူနာပြုဆရာမကြီးများထံ ပေးအပ်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် လဟယ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဒေသခံကျောင်းသား၊ ကျောင်းသူများ အေးချမ်းတည်ငြိမ်စွာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
လဟယ်မြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ (၂၈၄)ဦး ဖြေဆိုခွင့်ရရှိပြီး ဖြေဆို သူ(၂၄၂)ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း(၈၅%) ဖြေဆိုခဲ့ကြကြောင်း သတင်းရရှိသည်။