စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့ဒေသခံ ပြည်သူများအား တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ဦးဆောင်သော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဧပြီ (၂၁)ရက် နံနက်(၈)နာရီခွဲက ရွှေဘိုမြို့ရှိ ပါဠိကာရီတုလွတ် ကျောင်းတိုက်နှင့် အောင်မြေကျောင်းတိုက် ဆရာတော်များအား သွားရောက်ဖူးမြှော်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး နံနက် (၉) နာရီတွင် ရွှေဘိုမြို့ အမှတ်(၆)၊ အမှတ်(၇)နှင့် အမှတ်(၈)ရပ်ကွက်ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ရွှေဘိုမြို့ အမှတ်(၆)ရပ်ကွက်ရှိ ရွှေတန်ဆာဘုရား ဓမ္မာရုံတွင် လည်းကောင်း နေ့လယ် (၁) နာရီတွင် အမှတ်(၁၀) ရပ်ကွက်ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ရွှေရတုခန်းမတွင် လည်းကောင်း ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က " တိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ လျှပ်စစ်မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများ ဆောင်ရွက်ပေးလျက် ရှိရာတွင် ပြည်သူများအားလုံး ဝိုင်းဝန်း ပူးပေါင်းပါဝင် ပေးစေလိုကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ပြည်သူတို့၏ အသံကို နားထောင်ပြီး ပြည်သူတို့၏ အခက်အခဲနှင့် လိုအပ်ချက်များအား တတ်နိုင်သမျှ ဖြေရှင်း ဖြည့်ဆည်းပေးရန်ဖြစ်ကြောင်း၊ မိမိတို့ အစိုးရ၏ ချမှတ်ထားသော မူဝါဒနှင့်အညီ တိုင်းဒေသကြီး တစ်ဝှမ်းလုံး ဖွံ့ဖြိုးတိုးတက်စေရေး အစဉ်တစိုက် ကြိုးစားဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့သို့ ဆောင်ရွက်ရာမှာ ပြည်သူတို့၏ ပူးပေါင်းဆောင်ရွက်မှု များစွာလိုအပ်မှာ ဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများ အနေဖြင့် လိုအပ်ချက်များစွာ ရှိနေမည်မှာ မိမိတို့အနေဖြင့် နားလည်ပါကြောင်း၊ သို့ရာတွင် ဘတ်ဂျက်ခွဲဝေရရှိမှုအပေါ် မူတည်ပြီး မြို့နယ်အလိုက် ဦးစားပေး လုပ်ငန်းများကို ခွဲဝေဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ယခုတွေ့ဆုံပွဲတွင် ပြည်သူများအနေဖြင့် မိမိဒေသ၏ အများအကျိုးအတွက် အမှန်တကယ်လိုအပ်မည့် လုပ်ငန်းများကို ဆွေးနွေး တင်ပြကြစေလိုကြောင်း ” စသည်ဖြင့် ရှင်းလင်းအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ပြီး အသီးသီး အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ဒေသခံပြည်သူများမှ “ ရွှေဘိုမြို့ ရေစီးရေလာ ကောင်းမွန်ရေး၊ ရေမြောင်းများ ပြန်လည်တူးဖော်ပေးရေး၊ မြို့တွင်းလမ်းများ ကောင်းမွန်စေရေး၊ သောက်သုံးရေရရှိရေး၊ သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေး၊ မြို့သန်ရှင်းသာယာလှပရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို တင်ပြတောင်းခံကြရာ ” တိုင်းဒေသကြီး/ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံပြည်သူများ၏ တင်ပြချက်များကို အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီး ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ကြာင်း သိရှိရပါသည်။

21-4-2019 02421-4-2019 02521-4-2019 02621-4-2019 02721-4-2019 02821-4-2019 02921-4-2019 03021-4-2019 03121-4-2019 03221-4-2019 033