ကြေငြာချက်များ

ငါးရစ်ငါးသန်ရာသီချိန်အတွင်း ငါး/ပုဇွန်များဖမ်းဆီးခြင်းမပြုရန် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ သတိပေး

ငါးရစ်ငါးသန်ရာသီချိန်အတွင်း ငါး/ပုဇွန်များဖမ်းဆီးခြင်းမပြုရန် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ သတိပေး

မုံရွာ  မေ ၂၁

            မေလနှောင်းပိုင်းနှင့်ဇွန်၊ ဇူလိုင်များသည် မိုးဖြိုင်ဖြိုင်ရွာသော ကာလများဖြစ်ပြီး အဆိုပါကာလတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြစ်ချောင်းအင်အိုင်များမှ ဥများနှင့်ပြည်ဝနေသော ငါးမကြီးများနှင့် မျိုးရည်များ ရွှဲနေသော ငါးထီးကြီးများသည် ဥများပေါက်ပွားရန်အတွက် နေရာရှာသည့် ငါးရစ်တက်ရာသီ ဖြစ်သဖြင့် အဆိုပါအချိန်တွင်အင်းဂရန်ကိုင်လုပ်ငန်းရှင်များနှင့် ရေလုပ်သားများအနေဖြင့် ငါးရစ်များကို ဖမ်းဆီးခြင်းမပြုရန်အတွက် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ သတိပေးအကြောင်းကြားထားကြောင်း သိရသည်။

            ငါးရစ်များကို ဖမ်းဆီးခြင်းမပြုရန် တားမြစ်ထားခြင်းနှင့် ပတ်သက်ပြီး` မြစ်၊ချောင်း၊အင်း၊အိုင်အတွင်းမှာရှိတဲ့ငါးတွေက ဒီရာသီမှာ ဥချလို့ကောင်းမဲ့နေရာကိုရှာတဲ့အနေနဲ့ ငါးရစ်တက်ကြတယ်၊အဲဒိလိုအချိန်မှာ ငါးတွေကို ဖမ်းဆီးလိုက်မယ်ဆိုရင် သန်းပေါင်းများစွာသော ငါးသန်ငါးသားပေါက်သေကြေပျက်စီးမယ်၊ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် ငါးမျိုးတွေပြုန်းတီးမယ်၊ အမျိုးသားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူမပြုဖြစ်မယ်၊ ဒါကြောင့်မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ရေလုပ်ငန်းဦးစီးဌာနမှ အမိန်ကြော်ငြာစာအမှတ် (၂/၉၂)ဖြင့် ငါးရစ်ငါးသန်ရာသီချိန်တွင် ငါးလုပ်ငန်းဦးစီးဌာန၏ခွင့်ပြုချက်မှတပါး၊ ငါးများမဖမ်းဆီးကြရန် တားမြစ်ထားပါတယ်၊ တားမြစ်ချက်တွေကို ဖောက်ဖျက်မယ်ဆိုရင်တော့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြဌာန်းထားတဲ့ ရေချိုလုပ်ငန်းဥပဒေပုဒ်မ-၄၅ အရဖမ်းဆီးပြီး တရားစွဲ အရေးယူ အပြစ်ပေးနိုင်ရန်အတွက် အတိအလင်းပြဌာန်းထားပါတယ်၊ ဒါကြောင့် အင်းဂရန်ကိုင်လုပ်ငန်းရှင်များနှင့် ရေလုပ်သားများအနေဖြင့် လိုက်နာနိုင်ဖို့အတွက် အသိပေးအကြောင်းကြားတာပါ´ဟု တိုင်းဒေသကြီးငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြစ်ချောင်းများအပြင် အင်းအိုင် အလုံးပေါင်း (၃၅၁)အင်းရှိရာ ငါးရစ် တက်ချိန်နှင့် ငါးသားပေါက်သော ငါးရစ်ငါးသန်ရာသီချိန်ကာလများတွင် လွတ်လပ်စွာ ဥချပြီးသားပေါက်နိုင်စေရန် အတွက် ဖမ်းဆီးခြင်းမပြုဘဲ ဘေးမဲ့ပေးကြရန်အတွက် တားမြစ်ခြင်းဖြစ်ကြောင်း သိရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇