ပညာရေးကဏ္ဍ

မုံရွာစီးပွားရေးတက္ကသိုလ်နှင့် မီဇုဟိုဘဏ်တို့သဘောတူညီမှုစာချွန်လွှာရေးထိုးခြင်းနှင့် ပညာသင်ဆု ချီးမြှင့်ပွဲကျင်းပ

e1e2

 

မုံရွာ     ဇွန် ၅

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာစီးပွားရေးတက္ကသိုလ်နှင့်မီဇုဟိုဘဏ်တို့သဘောတူညီမှု စာချွန်လွှာ ရေးထိုးပွဲနှင့် ပညာသင်ဆုချီးမြှင့်ပွဲ မုံရွာစီးပွားရေးတက္ကသိုလ်၊ သုံးထပ်ဆောင်ဘက်စုံခန်းမတွင် ဇွန်လ (၅)ရက်နေ့ နံနက်(၉)နာရီကကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာအေး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီးလူမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်း၊ မီဇုဟိုဘဏ်မှ မြန်မာနိုင်ငံရုံးခွဲကိုယ်စားလှယ်ချုပ် Testsuro Nonaka၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းထွန်းနှင့် ဆရာ၊ ဆရာမများ၊ မုံရွာတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်နှင့်ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသူများ၊ ပညာသင်ဆုရ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

            အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်တို့က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး မီဇုဟိုဘဏ်မှ Testsuro Nonaka၊ က ပညာသင်ဆုပေးရခြင်းနှင့်ပတ်သက်ပြီး ပြောကြားရာတွင် မိမိတို့ဘဏ်မှ မြန်မာနိုင်ငံရှိ စီးပွားရေး တက္ကသိုလ် (၂)ခုမှ ကျောင်းသား၊ ကျောင်းသူ (၅ဝ)ဦးကို ပညာသင်ဆုထောက်ပံ့ပေးသွားမှာဖြစ်ပါကြောင်း၊ ရုံးခွဲအနေနဲ့ နိုင်ငံပေါင်(၇၇)နိုင်ငံမှာ (၉၄)ရုံးဖွင့်လှစ်ထားပါတယ်၊ မြန်မာနိုင်ငံမှာတော့ ရန်ကုန်မြို့မှာ ရုံးခွဲဖွင့်လှစ်ထားပါကြောင်း၊ ကျွန်တော်တို့ဘဏ်က ဘဏ်စနစ်၊ လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးအာမခံလုပ်ငန်း တို့ကို ဆောင်ရွက်ပါတယ်၊ မြန်မာနိုင်ငံမှာ သဘာဝအရင်းအမြစ်နဲ့ လူသားအရင်းအမြစ်တွေဖွံ့ဖြိုးတိုးတက်ရေးအတွက် အခုလိုရုံးခွဲဖွင့်လှစ်ထားပါကြောင်း၊ ဆက်လက်ပြီးလည်း ငွေကြေးထောက်ပံ့မှုတွေလုပ်ဆောင်မှာ ဖြစ်ပါကြောင်း  အခုလိုထေက်ပံ့ခွင့်ရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ပါကြောင်း၊ မုံရွာစီးပွားရေးတက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူများကိုလည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်းဖြင့် ထည့်သွင်းပြောကြားကာ မုံရွာစီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်နှင့် မီဇုဟိုဘဏ်မှမြန်မာနိုင်ငံရုံးခွဲ ကိုယ်စား လှယ်ချုပ် Testsuro Nonaka၊ လက်မှတ်ရေးထိုးကာ  ပညာသင်ဆုရ ကျောင်းသား/သူ (၂၅)ဦးအား ပညာသင်ဆုများအသီးသီးပေးအပ်ခဲ့သည်။

            ပညာသင်ဆုထောက်ပံ့ပေးမှုနှင့်ပတ်သက်ပြီး ' နိုင်ငံခြားအကူအညီအနေနဲ့ မုံရွာစီးပွားရေးတက္ကသိုလ်ကကျောင်းသား/သူတွေပညာသင်ဆုရတာ ပထမအကြိမ်ပါ၊ မီဇုဟိုဘဏ်က မြန်မာနိုင်ငံမှာရှိတဲ့ ရန်ကုန်နဲ့ မုံရွာမြို့ စီးပွားရေးတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ (၅ဝ)ဦးကိုပေးတာ၊ ဒီမုံရွာစီးပွားရေးတက္ကသိုလ် က(၂၅)ဦးရတာပါ၊ အရင်တုံးက ဩစတြေးလျှနိုင်ငံက လာပြီးကမ်းလှမ်းတာရှိတယ်၊ မအောင်မြင်ခဲ့ဘူး၊ အခုအကြိမ်က ပထမအကြိမ်ရတာပါ၊ အခုပညာသင်ဆုကိုလည်း နှစ်စဉ်ပေးအပ်သွားမယ်လို့ သိရတယ်၊  မုံရွာစီးပွားရေးတက္ကသိုလ် E-Library  အတွက်လည်း   အမေရိကန်ဒေါ်လာ(၁ဝဝဝဝ)လှူဒါန်းပါတယ်'ဟုမုံရွာစီးပွားရေးတက္ကသိုလ် သင်တန်းရေးရာဌာနမှဒေါ်စုစုထွန်း(ဌာမှူး) ကပြောသည်။

            မီဇုဟိုဘဏ်မှချီးမြှင့်သောပညာသင်ဆုအား မုံရွာစီးပွားရေးတက္ကသိုလ် ဝါဏ္ဏဇဗေဒ၊ စီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှုပညာ၊ စာရင်းကိုင်ပညာ၊ စာရင်းအင်းပညာ၊ ဘောဂဗေဒဌာနစတဲ့ ဘာသာရပ်အလိုက် အထူးပြုဌာန(၅)ခုမှ ကျောင်းသား/ကျောင်း သူ(၂၅)ဦးတို့အား တစ်ဦးလျင် အမေရိကန်ဒေါ်လာ (၃ဝဝ)စီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇