ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

အင်းတော်မြို့နယ် အခြေခံမဲဆန္ဒရှင် စာရင်းများအား ကြေညာမည်

 

အင်းတော် ၊ ဇွန် ၁၈

               အင်းတော်မြို့နယ်အတွင်း အခြေခံမဲဆန္ဒရှင် စာရင်းများအား မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်ရုံးများတွင် ( ၂၂-၆-၂၀၁၅ ) ရက်နေ့မှ ( ၅-၇-၂၀၁၅ ) ရက်နေထိ ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“ ကျွန်တော်တို့ အခုလို အခြေခံမဲဆန္ဒရှင်စာရင်း တွေကို ကြေညာတဲ့အခါမှာ အမှားအယွင်းတွေရှိနေပါတယ်။ အဲ့ဒီ မဲဆန္ဒရှင်စာရင်းမှာ အမည်ထပ်မံထည့်သွင်းချင်ရင်သော်လည်းကောင်း၊ မဲစာရင်းမှာ သေဆုံးသွားတဲ့ မဲဆန္ဒရှင်တွေ၊ မြို့နယ်အတွင်းမှာ နေထိုင်ခြင်းမရှိတဲ့ မဲဆန္ဒရှင်တွေပါနေမယ်ဆိုရင် ပယ်ဖျက်ပေးရန်သော်လည်းကောင်း၊ မဲဆန္ဒရှင်ကို ကန့်ကွက်လိုလျှင်သော်လည်းကောင်း ကျွန်တော်တို့ ရပ်ကွက်/ကျေးရွာ တွေမှာရှိတဲ့ ကော်မရှင်ရုံးတွေမှာ ပုံစံ ( ၃ )၊ ပုံစံ ( ၄ ) စတဲ့ ပုံစံတွေနဲ့ လျှောက်ထားဆောင်ရွက်လို့ရပါတယ်။ မဲစာရင်းမှာ မိမိအမည်ပါ မပါ ၊ မိမိနှင့်သက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါမပါ၊ အချက်အလက်တွေ မှန်မမှန် ဆိုတာကို မဲဆန္ဒရှင်တွေအနေနဲ့ သွားရောက်ကြည့်ရှုဖို့လိုအပ်ပါတယ်။ ဒီလိုသွားရောက်ကြည့်ရှု နိုင်ရေး လှုံ့ဆော်ပေးရန် အတွက် နိုင်ငံရေးပါတီတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နောက်ပြီးတော့ မြို့နယ်ကော်မရှင်အနေနဲ့ လှုံ့ဆော်ရေး ဗွီနှိုင်းတွေကိုလည်း မြို့နယ်အတွင်း ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်သွားမှလည်း ကျွန်တော်တို့ ကော်မရှင်အဖွဲ့အနေနဲ့ မှန်ကန်တဲ့ အခြေခံမဲစာရင်းကို ရရှိပြီးတော့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို ပွင့်လင်းမြင်သာစွာနဲ့ အောင်မြင်အောင်ကျင်းပသွားနိုင်မှာဖြစ်ပါတယ်။ ” ဟု မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးမင်းမင်းလတ်က ပြောပြခဲ့သည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇