ပညာရေးကဏ္ဍ

မုံရွာဗောဓိတစ်ထောင်နယ်မြေလှည်းဒါးကျေးရွာမှ အမြွာညီမ(၃)ဦးအားပညာသင်ထောက်ပံ့ကြေးငွေ ဒုတိယအကြိမ် လွှဲပြောင်းပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ခတက္ကန်(တ)ကျေးရွာအုပ်စု၊ လှည်းဒါးကျေးရွာမှ အမြွာညီအစ်မ(၃)ဦးအား ပညာသင်စရိတ်အတွက် အနယ်နယ်အရပ်ရပ်မှ ပညာဒါနပြုလိုသူများမှ ပညာသင် ထောက်ပံ့ငွေများ ပေးပို့ကြကြောင်းသိရှိရသည်။

အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အသီးသီး၏ ထောက်ပံ့ငွေများ ဒုတိယအကြိမ်လွှဲပြောင်း ပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာလ (၁၆)ရက် နေ့လည်(၁)နာရီအချိန်က အဆိုပါကျေးရွာရှိ အမှတ်(၁၁၇)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပညာသင်ထောက်ပံ့ကြေးငွေ (၁၂)သိန်း (၆)သောင်းကျပ်ကို မုံရွာခရိုင်ပြန်/ဆက်မှ မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းဆွေက အမြွာညီအစ်မ(၃)ဦးနှင့် မိဘများဖြစ်ကြသည့် ဦးကျော်ရွှေ၊ ဒေါ်နှင်းကြည် တို့ထံ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါ အနယ်နယ်အရပ်ရပ်မှ စေတနာရှင်အသီသီး၏ ပညာသင်ထောက်ပံ့ငွေ ဒုတိယအကြိမ် လွှဲပြောင်းပေးအပ်ပွဲသို့ ခတက္ကန်တောင်အုပ်စုအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်း၊ လှည်းဒါးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်နှင့် ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ဒေသခံ ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ကြသည်။

ရပ်ဝေးရပ်နီးမှ စေတနာရှင်အလှူရှင်များက ပညာဒါနထောက်ပံ့ငွေများမှာ ဇူလိုင်လ (၁၈)ရက်နေ့က ပထမအကြိမ်လွှဲပြောင်းပေးအပ်ငွေ ကျပ်(၁၆)သိန်း၊ စက်တင်ဘာလ(၁၆)ရက်နေ့က ဒုတိယအကြိမ် လွှဲပြောင်းပေးအပ်ငွေ ကျပ်(၁၂)သိန်း(၆)သောင်းနှင့် မိဘများထံသို့ တိုက်ရိုက် သွားရောက်ထောက်ပံ့ငွေ ကျပ်(၁၀)သိန်း၊ စုစုပေါင်းထောက်ပံ့ငွေ(၃၈)သိန်း(၆)သောင်းဖြစ်ပြီး ဩဂုတ်လ (၁)ရက်မှစတင်ပြီး အမြွာညီအစ်မ(၃)ဦးဖြစ်သည့် မဖြူပြာ၊ မမူရာ၊ မသူဇာ နဝမတန်းကျောင်းသူလေး (၃)ဦးမှာ လှည်းဒါးကျေးရွာ အသွား^အပြန်(၁၄)မိုင်ကွာဝေးသည့် ဗောဓိတထောင် ခတက္ကန်တောင်ရွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲသို့ အခက်အခဲများစွာဖြင့် ကျောင်းမတက်ရတော့ပဲ အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များ၏ ကူညီ ထောက်ပံ့မှုဖြင့် ကျောင်းအနီးရှိ အမျိုးသမီးအဆောင်တွင် နေထိုင်၍ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် ပညာကို ကြိုးစားသင်ယူနေနိုင်ကြပြီး ဖြစ်ကြောင်းသိရှိရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇