စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

ပြည်သူလူထုသို့ အသိပေးနှိုးဆော်ခြင်း

၁။        သစ်တောပြုန်းတီးမှု၏ အဓိကအကြောင်းအရင်းများသည် သစ်ပင်ခုတ်ခြင်း၊ တောင်ယာ ခုတ်ခြင်း၊ မီးသွေးအလွန်အကျွံ ထုတ်လုပ်ခြင်း၊ သတ္တုများ စည်းကမ်းမဲ့ ထုတ်လုပ်ခြင်းကြောင့် ဖြစ်ပါ သည်။

၂။         သဘာဝသစ်တောများ ပြုန်းတီးလာမှုကြောင့် ရာသီဥတု ဖောက်ပြန်မှုများ ကြီးမားစွာ ကြုံတွေ့ လာခဲ့ပါသည်။

၃။        မိုးခေါင်ခြင်း၊ ရေရှားခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် စိုက်ခင်းနှင့် လူနေအိမ်များပါ ပျက်စီးခြင်းတို့ကို ဆက်တိုက် ကြုံတွေ့ လာရပါသည်။

၄။        သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် အပူချိန်လွန်ကဲပြီး စိမ့်စမ်းရေများ ခန်းခြောက် သွားသည့်အပြင် ကမ္ဘာမြေကြီး အပူလွန်ကဲရာမှ မြေငလျင်ကြီးများ လှုပ်ခါမှု ကြုံတွေ့ လာကြရပြီ ဖြစ်ပါသည်။

၅။        စည်းကမ်းမဲ့ ရွှေမျှောတိုက်မှုများကြောင့် မြစ်ချောင်းများ တိမ်ကောခြင်း၊ သစ်တောများ ပြုန်းတီးခြင်းများ ကြီးမားစွာ ကြုံတွေ့နေရပြီး ကုန်းနေ ရေနေသတ္တဝါများ မျိုးတုန်းပျောက်ကွယ်လုနီးပါး ကြုံတွေ့နေရပါသည်။

၆။        ပတ်ဝန်းကျင် ဂေဟစနစ်ပျက်စီးပါက သက်ရှိများ ပျောက်ကွယ်သွားရမည့် အခြေခံ သဘော တရားအတိုင်း ကျွန်ုပ်တို့နှင် မျိုးဆက်များ အသက်ရှင်သန်ရေးမှာ သဘာဝသစ်တောနှင့် ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးအတွက် ကျွန်ုပ်တို့အားလုံးတွင် အရေးကြီးတာဝန် ရှိနေကြပြီ ဖြစ်ပါသည်။

၇။        သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးအောင်ပြုလုပ်ခြင်းသည် မိမိနေအိမ်ကို မီးရှို့ခြင်းနှင့် တူပြီး သူတစ်ပါးပြုလုပ်ခြင်းကို တားဆီးကာကွယ်မှု မပြုသည်မှာလည်း သူတစ်ပါးက မိမိအိမ်အား မီးလာရှို့သည်နှင့် တူနေ၏၊ ထို့ကြောင့် သစ်ခိုးထုတ်သူများ၊ တရားမဝင် ရွှေနှင့် သတ္တု တူးဖော်နေကြသူများကို တားဆီးခြင်း မပြုနိုင်ပါက မိမိတို့အား အရှင်လတ်လတ် မီးလောင်တိုက် သွင်းသည်ကို လက်ပိုက်၍ ကြည့်နေသူများနှင့် တူပေမည်။

၈။        သစ်တောကြိုးဝိုင်းအတွင်း မည်သည့်သစ်ပင်ကိုမဆို ခုတ်လှဲခြင်း/အခြားသစ်များ ထုတ်ယူခြင်း၊ ခွင့်ပြုချက်မရှိဘဲ လွှစက်၊ လွှစင် ပြလုပ်ခြင်းတို့အား တွေ့ရှိပါက သစ်တောဥပဒေပုဒ်မ ၄၂ အရ ထောင်ဒဏ် (၂)နှစ်၊ ဒဏ်ငွေ (၂၀ဝ၀ဝ)၊ ဒဏ်နှစ်ရပ်လုံး ချမှတ်ခြင်း ခံရမည်။

၉။        မည်သူမဆို လိုင်စင်မရှိဘဲ အမဲလိုက်ခြင်း၊ သဘာဝလေထု၊ ရေထုကို တမင် ညစ်ညမ်းစေခြင်း၊ ရေစီး၊ ရေလာပျက်စီးစေခြင်း၊ ရေထဲသို့ အဆိပ်အတောက် ခတ်ခြင်း၊ (ဥပမာ- ခွင့်ပြုချက်မရှိဘဲ ရွှေမျောတိုက်ခြင်း၊ ရွှေသန့်စင်ခြင်း၊ ငါးဆေးချခြင်း)တို့ ပြုလုပ်ပါက ထောင်ဒဏ်(၃)နှစ်၊ ငွေဒဏ် (၂၀ဝ၀ဝ)၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခြင်း ခံရမည်။

၁၀။      မည်သူမဆို ခွင့်ပြုချက်မရှိဘဲ ကျွန်းနှင့် တားမြစ်သစ်ပင်တို့အား ခုတ်လှဲ၊ သယ်ဆောင်၊ လက်ဝယ်ထားရှိခြင်း တွေ့ရှိရပါက ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁)အရ ထောင်ဒဏ် (၇)နှစ် ကျခံရမည် ဖြစ်ပါသည်။ ထို့အပြင် ပမာဏ များပြားပါက အများနှင့် သက်ဆိုင်သော ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၃ အရ ဆယ်နှစ်အထိ ထောင်ဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ်အထိ ချမှတ်ခြင်း ခံရမည် ဖြစ်ပါသည်။

၁၁။      စစ်ကိုင်းတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ရေချိုငါးလုပ်ငန်း ရေပြင်များအတွင်းတွင် ယခုအခါ ဘက်ထရီ ရှော့တိုက် ငါးဖမ်းခြင်းသည် တွင်ကျယ်စွာ ဖမ်းဆီးနေရာ ထိုသို့ ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးခြင်းဖြင့် ငါးအစရှိသည် ရေတွင် ပေါက်ပွားသော သက်ရှိသတ္တဝါများ အရွယ်မရောက်ခင် သေကျေ ပျက်စီးကြရပြီး၊ သက်ကြီးကောင် များအနေဖြင့် မျိုးပွားအင်္ဂါများ၊ အာရုံခံအင်္ဂါများ ပျက်စီးကာ ငါးမျိုးဆက် ပျက်သုန်းနိုင်မည့် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်မည် ဖြစ်ပါသည်။

၁၂။      သို့ဖြစ်ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနသည် (၉.၁၀.၂၀၁၂)ရက် နေ့တွင် ပြဌာန်းခဲ့ပြီး ဖြစ်ပါသော စစ်ကိုင်းတိုင်းဒေသကြီး ရေချိုငါးလုပ်ငန်း ဥပဒေ အခန်း(၁၁) ပုဒ်မ(၃၅/ခ) ဖြင့် တားမြစ်ထားရှိလျက် ဥပဒေအား ဖောက်ဖျက်ကျူးလွန် ပါက အခန်း(၁၂) ပုဒ်မ(၄၅) အရ ထောင်ဒဏ် (၃)နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ကျပ်(၃၀ဝ၀ဝ၀) အထိဖြစ်စေ ပြစ်ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရမည်။

၁၃။      ကျွန်ုပ်တို့ ပတ်ဝန်းကျင်နှင့် သဘာဝသစ်တောအား ယခုထက် မပျက်စီးရအောင် ချက်ခြင်း ကာကွယ်နိုင်ပါမှ နောင်ဆယ်စုနှစ်တစ်စုအတွင်း ပြန်လည်နိုးထသည့် သစ်တောအသစ် ရရှိနိုင်ပြီး ရာသီဥတု ဖောက်ပြန်မှု ဒဏ်ကို တွန်းလှန်နိုင်ပေမည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ကာကွယ်ဖို့ တက်ညီ လက်ညီဆောင်ရွက်ရန် အချိန်ကျရောက်နေပြီဖြစ်ကြောင်း ပြည်သူ တစ်ရပ်လုံး သိရှိ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပြီဖြစ်ပါကြောင်း နိုးဆော် အသိပေးအပ်ပါသည်။

                                                                                      စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇