စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချူပ် ကသာခရိုင်အတွင်းရှိ လေဘေးသင့်ဒေသများသို့ ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

201605031

            စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချူပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌ ဦးဘိုးသန်းညွန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများသည် ဧပြီလ ၂၉ ရက်နေ့က ကသာခရိုင်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်း၍ လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

            ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချူပ် ဒေါက်တာမြင့်နိုင်သည် ဗန်းမောက်မြို့နယ်အတွင်းမှ လေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံပြီး လေပြင်းတိုက်ခတ်မှုကြောင့် အဆောက်အဦများ ပျက်စီးခဲ့သည့် မံအင်မင်းကုန်းအုပ်စု၊ စာခမ်း၊ ကန်တော်၊ စီးမော်၊ ကနန်းလိပ်စော၊ ကနန်းနန်းညှင်း၊ ဟဲချိန်ကျေးရွာအုပ်စုနှင့် အင်းပေါက်ကျေးရွာအုပ်စုများရှိ ကျေးရွာပေါင်း (၁၇)ရွာမှ စာသင်ကျောင်း(၆)ကျောင်း၊ ဝန်ထမ်းအိမ်ရာနှင့် လူနေအိမ်(၁၂၄)အိမ်တို့အတွက်  ထောက်ပံ့ရေးပစ္စည်းများနှင့် အရေးပေါ်ဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

            ဆက်လက်၍ ဝန်ကြီးချူပ်နှင့်အဖွဲ့သည် ပင်လည်ဘူးမြို့နယ်အတွင်းမှ နောင်ကမ်ကျေးရွာတရားစခန်းအား ဝင်ရောက်၍ တရားစခန်းအတွက် အလှူငွေများ လှူဒါန်းပေးအပ်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးများ ကျရောက်မှုကြောင့်  ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ကသော၊ ပင်းကြိုင်း၊ နောင်ပူးအင်း၊ နန်းတပ်၊ စင်လောင်၊ တောင်ဒွန်း၊ နောင်မူးကျေးရွာအုပ်စုနှင့် ကနီကျေးရွာအုပ်စုများအတွင်းရှိ ကျေးရွာပေါင်း(၁၂)ရွာမှ အိမ်ခြေ(၂၈၄) အိမ်တို့အတွက် အရေးပေါ်ဆေးဝါးများနှင့် ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့သည်။ ပင်လည်ဘူးမြို့နယ် ကနီကျေးရွာအုပ်စု၊ မြဂနိုင်ကျေးရွာမှ သွပ်မိုးများပျက်စီးသွားသည့် (၂၆)အိမ်အတွက် တစ်အိမ်လျှင် နှစ်သောင်းနှုန်းဖြင့် (၅)သိန်း(၂)သောင်း၊ သက္ကယ်မိုးအိမ် (၁၁)အိမ်အတွက် တစ်အိမ်တစ်သောင်းနှုန်းဖြင့် တစ်သိန်းတစ်သောင်းနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းအတွက် (၂)သိန်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

            ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချူပ်နှင့် တာဝန်ရှိသူများသည် ဝန်းသိုမြို့နယ်အတွင်းရှိ လေပြင်းတိုက်ခတ်ပြီး မိုးသီးများကျရောက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ဝါးဘိုးချောင်းကျေးရွာ၊ ကျုံးကြီး၊ ရွှေတောင်ကုန်း၊ အလယ်ခုံကျေးရွာနှင့် ကျောက်ပေါက်ခုံကျေးရွာတို့မှ အိမ်ခြေ(၇၃)အိမ်အတွက် အရေးပေါ်ဆေးဝါးများနှင့် ထောက်ပံ့ရေးပစ္စည်းပေးအပ်ခဲ့ပြီး ဒေါင်းမြူးချောင်းရေလှောင်တမံစီမံကိန်း တည်ဆောက်နိုင်ရန်အတွက် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

            ဆက်လက်၍ ဧပြီလ (၃၀)ရက်နေ့တွင် တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့သည် ကောလင်းမြို့နယ်တွင် ဧပြီလ ၂၉ ရက်နေ့ ညနေ (၇:၄၅)နာရီခန့်က လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့သော အင်ပင်လှကျေးရွာနှင့် တောင်ကြီးကျေးရွာတို့တွင် လူနေအိမ်များ၊ စာသင်ကျောင်းဆောင်၊ ကျေးရွာစာကြည့်တိုက်နှင့်  ကျေးရွာလျှပ်စစ်ဓာတ်တိုင်များ ကျိုးကျပျက်စီးနေမှုများကို ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ ကူညီထောက်ပံ့ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇