မုံရွာမြို့နယ် ဒေသဆိုင်ရာအချက်အလက်များ

ဒေသသမိုင်းအကျဉ်း

ဂေါတမရှင်တော်မြတ်ဘုရား မပွင့်မီနှင့် (၃၅၀၀)ဘီစီ (၄၀၀၀)ခန့်က မုံပင်ကြီး အရိပ်ဝယ် ရသေ့တစ်ပါး နေထိုင်စဉ် ဗျာဒိတ်ထားချက်အရ" သာသနာတော် ထွန်းကားမည့် အရပ်တည်း" ဟုဆိုသည်။ မုံပင်မှ မုံရွာ ဖြစ်လာရသည်ဟု ဆိုသည်။ မုံရွာနှင့် ပတ်သက်၍ ဝိဂြိုလ်ပြုသည်မှာ "မုနယော ရမန္တီ၊ ဧတ္တာတိ၊ မုံရွာဧတာ" ဤမြို့ပြဒေသ၌ မုနလော သာသနာ့၀န်ထမ်း ရှင်ရဟန်းတို့သည် ရမိန္တိယ၊ ပရိပတ်နှစ်ရပ် သာသနာ ဆန္ဒဖြာ၍ ပျော်ပိုက် မွေ့လျော် နေထိုင်တော်မူကြကုန်၏။ ဣတိတသ္မာ တို့ကြောင့် ပျော်မွေ့ရာဖြစ်သော သတ္တိကြောင့် မုံရွာ၊ မုံရွာမည်၏ဟု ဆိုသဖြင့် မုံရွာသည် အကျဉ်အားဖြင့် သာသနာစည်ပင်ရာ အရပ်အား မုံရွာဟု ဆိုခဲ့လေ၏။

သမိုင်းမှတ်တမ်းများအရ ပုဂံခေတ်ကျောက်စာတွင် "မုန်ရွာ" ဟု တွေ့ရှိရပါသည်။ သာလွန်မင်းစစ်တမ်းတွင် "မုန်ရွာ"ဖော်ပြ၍ ကုန်းဘောင်ခေတ်တွင် အလုံမြို့အရပ်စုတွင်ရှိကျေးရွာ တစ်ရွာဟု ဖော်ပြပါရှိပါသည်။ ရှေးဟောင်းသုတေသန ပညာရှင်များ၏ တွေ့ရှိချက်အရ မုံရွာဒေသတွင် လွန်ခဲ့သော နှစ်တစ်သန်းခန့်ကပင် လူသားများ နေထိုင်ခဲ့ကြောင်းကို မုံရွာမြို့နယ် မုံရွေးရွာ၏ အရှေ့ဘက်ရွှေမြင်တင် တောင်ကုန်းမှ ရှေးဦးလူ၏ မေးရိုးရုပ်ကြွင်းကို တွေ့ရှိခဲ့၍ အရွယ်ရောက်ပြီးသော ရှေးလူ၏ ရုပ်ကြွင်းဖြစ်ကြောင်း၊ မုံရွာမြို့နယ် ကျောက္ကာရွာ လှည်းလမ်းကြောင်း ရေတိုက်စား၍ ဖြစ်ပေါ်လာသော အိုးများဝိုင်းရံကာ မြှုပ်နှံထားသည့် အလောင်းတစ်လောင်း၊ မုံရွာမြို့နယ် ကွေ့ကြီးကျေးရွာ ဆူးဖြူပင်ကျောင်း ဝင်းအတွင်း အလောင်းနှစ်လောင်း တူးဖော်ရရှိခြင်း၊ ကျောက်ပုဆိန်(၄)ခု၊ ကျောက်ကွင်း (၄)ခုနှင့် ‌မြေပုတီးစေ့များ တွေ့ရှိရ၍ မုံရွာဒေသသည် ရှေးလူသားများ ဖြစ်ကတည်းကပင် လူသားများ နေထိုင်ခဲ့ကြကြောင်း တွေ့ရှိရပါသည်။

ပါးစပ်မှတ်တမ်းများအရ အနော်ရထာ(အနုရုဒ္ဓ)၏ ခွင့်ပြုအမိန့်အရ ပဋိက္ခယား ကုလားမျိုးဘသူကြွယ်သည် မြို့သစ်တည်ရန် ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာစဉ် ကူးတို့ရွာမှ မုန့်သည်မတစ်ဦး တွေ့ရှိ၍ မိဖုရားကောက်ယူပြီးလျှင် ၎င်းရွာကို မုန့်သည်မရွာဟု သမုတ်ခဲ့ရာ ကာလကြာသော် မုံရွာဖြစ်လာသည်။

ဒုတိယပါးစပ်မှတ်တမ်းမှာ ကုန်းဘောင်ခေတ် မြန်မာမင်းများ လက်ထက်တွင် မုံရွာ၏ တစ်ဖက်ကမ်းရှိ ကျောက်မျက်ရွာတွင် လှေလှော်သားများ ဖွဲ့စည်းလေ့ရှိသဖြင့် မုန်းရွာဟု ခေါ်ဆိုရာမှ မုံရွာဖြစ်လာသည်ဟု ဆိုပါသည်။

တတိယ ပါးစပ်မှတ်တမ်းမှာ မုံရွာအရပ်တွင် မုန်ပင်များ အများ အပြား ပေါက်ခဲ့ရာ ၎င်းမုန်ပင်များကို အစွဲပြု၍ မုံရွာဖြစ်လာသည်ဟု ဆိုပါ သည်။

သမိုင်းပါမောက္ခ ဦးသန်းထွန်းကလည်း မြန်မာတို့၏မူလအစ ဒေသ (ခရိုင်)နှင့် ဒုတိယဒေသ(တိုက်) ကိုဖော်ပြရာတွင် မုံရွာ ခင်မွန် အိမ်ထောင် ထိပေလျှင် (ဒီပဲယင်း) တို့နှင့်အတူ ခေတ်ပြိုင် ဖော်ပြထား သည်ကို တွေ့ရှိရသဖြင့် မုန်ရွာသည် မူလမြန်မာများ မြန်မာနိုင်ငံ မြေပြန့်အရပ်သို့ ၀င်ရောက်လာပြီး တိုက်များ ထူထောင်ပြီးကတည်းက တည်မှီနေပြီ ဖြစ်ကြောင်း ထင်ရှား၏။ တစ်နည်းအားဖြင့် မုန်ရွာသည် အေဒီ(၉၀၀)ခုနှစ် ထက်စော၍ တည်ရှိနေပြီ ဖြစ်ပါသည်။

၁၈၈၆ ခုနှစ်၊ မတ်လ(၂၆)ရက်နေ့တွင် ကပ္ပတိန်ရိတ်(စ်)သည် အရေးပိုင်အဖြစ် အလုံသို့ ရောက်ရှိလာခဲ့ပြီး၊ ၁၈၈၈ ခုနှစ် ဇန်နဝါရီလတွင် အရေးပိုင်ရုံးကို အလုံမြို့မှ မုံရွာသို့ပြောင်းရွေ့ရုံးစိုက်ကာ ခရိုင်ရုံးစိုက်ရာ မြို့တစ်မြို့ ဖြစ်လာခဲ့ပြီး မြို့ရွာဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒိုင်အာခီခေတ်တွင် မြူနီစပါယ် ကော်မတီဝင်များကို ရွေးကောက်တင်မြှောက်ခဲ့သည်။ ထို့ကြောင့် မုံရွာမှ မုံရွာမြို့အဖြစ်သို့ ၁၈၈၆ ခုနှစ်တွင် ဖြစ်ပေါ်လာသည်ဟု ယူဆရပါသည်။

ပြည်ထဲရေး၀န်ကြီးဌာန နေပြည်တော်၏ (၂၂.၉.၂၀၁၅)ရက်စွဲပါ အမိန့်ကြော်ငြာစာ(၁၂၉၅/၂၀၁၅)အရ မူလ(၂၇)ရပ်ကွက်မှ ရွှေပြည်အေး ရပ်ကွက်၊ ဗန္ဓလရပ်ကွက်၊ ပြည်တော်သာရပ်ကွက်၊ ရွှေဇလုပ်ရပ်ကွက်၊ (၄) ရပ်ကွက်တိုးချဲ့ပြီး (၃၁)ရပ်ကွက်အဖြစ် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။


ပထဝီဝင် အနေအထား

တည်နေရာ အကျယ်အဝန်း

မုံရွာမြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်တွင် တည်ရှိပါသည်။ မြောက်လဒ်တီတွဒ် ၂၁ ဒီဂရီ ၅ မိနစ် မှ ၂၁ ဒီဂရီ ၁၈ မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄ မိနစ်မှ ၉၅ ဒီဂရီ ၂၃ မိနစ်အကြားတွင် တည်ရှိပြီး အရှေ့မှ အနောက်သို့ (၁၃) မိုင် ရှိပြီး တောင်မှ မြောက်သို့ (၂၀) မိုင်ခန့် ရှည်လျားပါသည်။ မုံရွာမြို့၏ ဧရိယာ စတုရန်းမိုင်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

 

စဉ်

မြို့အမည်

မြို့ဧရိယာ

စတုရန်းမိုင်

ကျေးရွာအုပ်စု စတုရန်းမိုင်

မြို့နယ်ဧရိယာ စတုရန်းမိုင်

မုံရွာမြို့

၄၆

၂၂၀

၂၆၆

နယ်နိမိတ်

မုံရွာမြို့နယ်၏ အရှေ့ဘက်တွင် အရာတော်မြို့နယ်၊ အရှေ့တောင်ဘက်တွင် မြင်းမူမြို့နယ်၊ တောင်ဘက်တွင် ချောင်းဦးမြို့နယ်၊ အနောက်ဘက်တွင် ချင်းတွင်းမြစ်နှင့် ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီး မြို့နယ်၊ မြောက်ဘက်တွင် ဘုတလင်မြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်လျှက် ရှိပါသည်။

မြေပြင်အခြေအနေ

မုံရွာမြို့နယ်၏မြေပြင်အခြေအနေမှာ ယေဘုယျအားဖြင့် အရှေ့ ဘက် ပိုင်း (၁/၃) ခန့်မှအပ မြေညီညာပြန့်ပြူးလျှက် ရှိပါသည်။ မြို့နယ်၏ အရှေ့မြောက်ပိုင်းတွင် လှိုင်းထမြေပြင်မျိုးရှိပြီး အရှေ့ဘက်ပိုင်းမှာ ရေဝေကုန်းတန်း၊ တောင်ကုန်းတောင်စွယ်၊ လျှိုမြောင် ခြောက်ကမ်းပါးတို့ တည်ရှိပါသည်။ ရေဝေကုန်းတန်းမှာ ဆင်ခြေလျှောများ မတ်ဆောက်လျှက် ရှိသည်။ မုံရွာမြို့နယ်၏ မြေပြင်အခြေအနေကို သဘာဝအားဖြင့် (၃) ပိုင်းခွဲခြား ဖော်ပြနိုင်ပါသည်-

(က)     ရေဝင်ပိုင်း

မုံရွာမြို့နယ်၏ အနောက်တောင်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းရှိ ချင်းတွင်းမြစ်ကမ်းဘေးတို့ ဖြစ်ပါသည်။ ဤရေဝင်ပိုင်းတို့သည် ပင်လယ် ရေမျက်နှာပြင် အထက် (၂၅၀)ပေအောက်တွင်ရှိရာ ချင်းတွင်းမြစ်ရေကြီးတိုင်း ချောင်းပေါက်များမှတဆင့် ထိုအပိုင်းများသို့ ရေဝင်လေ့ရှိပါသည်။ မြေပြန့်ပြူးသော အပိုင်းဖြစ်ပြီး မြေသြဇာကောင်း၌ စိုက်ပျိုးရေး ဖြစ်ထွန်းသောအပိုင်း ဖြစ်ပါသည်။

(ခ )      မြေပြန့်လွင်ပြင်ပိုင်း

မုံရွာမြို့နယ်၏ အလယ်ပိုင်းတွင် တည်ရှိပါသည်။ မြို့နယ်ဧရိယာ၏ တစ်ဝက်ကျော်ခန့် ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ (၂၅၀)ပေနှင့် (၃၀၀)ပေအကြား မြင့်သော အပိုင်းဖြစ်သည်။ အနောက်ဘက် ချင်းတွင်းမြစ်မှ အရှေ့ဘက်တောင်ကုန်း အမြင့်ပိုင်းထိသို့ တဖြည်းဖြည်း မြင့်တက်သွားပြီး ချင်းတွင်းမြစ်ကမ်းဘေး တစ်လျှောက်တွင် ကွန်တိုအမြင့် ပေ(၃၀၀)၊ (၃၅၀)၊ (၄၀၀)စသည်ဖြင့် တဖြည်းဖြည်း မြင့်တက်သွားရာ ကွန်တိုမျဉ်းများ ကျဲပြီး ညီညာနေသဖြင့် ညီညာပြန့်ပြူးလျှက် ရှိပါသည်။

 

(ဂ )      တောင်ကုန်းပိုင်း

မုံရွာမြို့နယ်၏ အရှေ့ဘက်ဆုံးအပိုင်းတွင်ရှိပြီး မြို့နယ်ဧရိယာ၏ (၁/၃)ခန့် ကျယ်ဝန်းပါသည်။ ဤအပိုင်းသည် ကွန်တိုအမြင့်ပေ (၄၀၀) မှ အစပြု၍ အရှေ့ဘက်သို့ တဖြည်းဖြည်း မြင့်တက် သွားသည်။ ကျောင်းကုန်း၊ သာစည်၊ အင်တိုင်း၊ ရောင်တော်ထုံး၊ ​ကျေးရွာအုပ်စုများရှိရာ အရှေ့မြောက်အပိုင်းသည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၅၀၀) အထက်တွင် တည်ရှိပြီး လှိုင်းထမြေမျိုးဖြစ်၍ မြေညီညာခြင်းမရှိပေ။ ဤအရှေ့မြောက်အပိုင်းတွင် တောင်တစ်လုံး တောင်ရှိရာ ပင်လယ်ရေ မျက်နှာပြင် အထက် (၄၀၀)ပေ အမြင့်တွင် တည်ရှိသည်။ ဤအရှေ့ဘက် အပိုင်းတွင် ကျောက္ကာတောင်သည် (၁၂၆၂) ပေနှင့် ဗောဓိတထောင် တောင်တန်းသည် (၁၁၇၂)ပေ၊ ရွှေမြင်တင်တောင်သည် (၆၉၂)ပေတို့မြင့်ကြပြီး ထိုတောင်တန်းသည် ရေဝေကုန်းတန်းဖြစ်ပြီး တောင်မှမြောက်သို့ (၆)မိုင်ခန့် ရှည်လျှား၍ အရှေ့မှအနောက်သို့ (၂)မိုင်ခန့် ကျယ်ဝန်းပါသည်။ ရေဝေကုန်းတန်းမှာ မုံရွာမြို့နယ်နှင့် အရာတော်မြို့နယ်များအတွင်း စီးဆင်းသည့် ချောင်းများ၏ ချောင်းဖျားခံရာ ဖြစ်ပါသည်။ ယင်းရေဝေ ကုန်းတန်း၏ အမြင့်ဆုံးနေရာမှာ အရှေ့မြောက်ပိုင်းရှိ(၁၁၇၂)ပေမြင့်သော နေရာဖြစ်ပါသည်။ ကုန်းတန်းတွင် တောင်ကုန်းများ၊ တောင်စွယ်များ၊ လျှိုမြောင် ချောက်ကမ်းပါးများနှင့် ကမ်းပါးစောက်များ၊ ဆင်ခြေလျှောများ၊ မတ်စောက်သော တောင်ကုန်းများ ရှိပါသည်။ တောင်ကုန်းပိုင်းသည် မုံရွာမြို့နယ်၏ အမြင့်ဆုံးနှင့်တောင် အထူထပ်ဆုံးရှိရာ အပိုင်းဖြစ်ပါ သည်။

ရေဆင်း

မုံရွာမြို့နယ်သည် မြစ်ချောင်းများ နည်းပါးသည့် ဒေသတစ်ခုဖြစ်ပြီး အဆိုပါမြစ်ချောင်းများမှာ ချင်းတွင်းမြစ်၊ စတဲချောင်း၊ ကံပြားချောင်း၊ လှည်းပြစ်ချောင်း၊ ဘူးခါးချောင်း၊ ကန်နီချောင်းတို့ ဖြစ်ပါသည်။ ချင်းတွင်းမြစ်သည် မုံရွာမြို့နယ်အတွင်း မြောက်မှတောင်သို့ စီးဆင်းလျှက် ရှိပါသည်။ ချင်းတွင်းမြစ်ရေသည် မိုးတွင်းကာလများတွင် စိုးရိမ်ရေအမှတ် (၁၀၀၀) စင်တီမီတာအထက်သို့ ရံဖန်ရံခါ မြင့်တက်လေ့ရှိပြီး နွေရာသီ အချိန်တွင် (၄၆)စင်တီမီတာ အောက်တွင် တည်ရှိလေ့ရှိပြီး စက်လှေနှင့် မော်တော်များ သွားလာနိုင်ပြီး သင်္ဘောကြီးများ သွားလာနိုင်ခြင်းမရှိပါ။ မုံရွာမြို့နယ်အတွင်းရှိ ချောင်းများသည် သဲချောင်း (ချောင်းခြောက်)များသာဖြစ်၍ ဘူးခါးချောင်းနှင့် ကံပြားချောင်းတို့သည် ယခင်က စမ်းရေ စီးဆင်းသော ချောင်းများဖြစ်၍ ယခုအခါတွင် ထန်းဇလုပ်ဆည်နှင့် သာစည်ဆည်တို့ တည်ဆောက်ထားသဖြင့် ဆည်၏ အထက်ပိုင်းတွင်သာ စမ်းရေ စီးဆင်းလျှက်ရှိပြီး ဆည်၏ အောက်ပိုင်းတွင် စီးဆင်းမှု မရှိတော့ပါ။

ပင်လယ်ရေမျက်နှာပြင်အမြင့်

မုံရွာမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပျမ်းမျှအမြင့် (၂၅၀) ပေတွင်တည်ရှိပါသည်။ အမြင့်ဆုံးတောင်မှာ ကျောက္ကာတောင်ဖြစ် ၍ အမြင့်ပေ (၁၂၆၂)ရှိပါသည်။


ဆက်လက်ဖတ်ရှု့ရန်ဤနေရာကိုနှိပ်ပါ>>>Click Here