စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုအကျဉ်းထောင်တွင် လွတ်ငြိမ်းသက်သာခွင့်နှင့် ပတ်သက်သည့် ဆူပူလှုပ်ရှားမှုများ ထိန်းသိမ်းနိုင်ခဲ့မှု အခြေအနေ

(၈-၅-၂၀၁၉)ရက်နေ့ (၁၆၃၀)အချိန်တွင် ရွှေဘိုအကျဉ်းထောင်၌ အကျဉ်းသူ/ အကျဉ်းသားများမှ နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်နှင့် ပတ်သက်၍ တန်းတူညီမျှမှု ရရှိရေး ဆူပူလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပါသည်။ ၎င်းအကျဉ်းသူ/ အကျဉ်းသားများမှ မူးယစ်မှုဖြင့် အကျဉ်းကျခဲ့သူ မိုးအောင်ရင် လွတ်မြောက်ခဲ့မှုအပေါ် ရွှေဘိုထောင်ရှိ မူးယစ်အမှုဖြင့် ထောင်ကျနေသူများကိုပါ လွတ်ငြိမ်းခွင့်ပြုရန်၊ တန်းတူညီမျှမှု အခွင့်အရေး ရရှိရေး၊ မှန်မှန်ကန်ကန် ဖြစ်စေရေး အော်ဟစ် ဆူပူလျက်ရှိသဖြင့် အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူးတို့ ဦးစီး၍ ထောင်အတွင်း အိပ်ဆောင် (၁)ခုချင်း အလိုက် လိုက်လံ ထိန်းသိမ်းခဲ့ပါသည်။

၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ (၈-၅-၂၀၁၉)ရက်နေ့ (၁၈၃၅) အချိန်တွင် အကျဉ်းထောင် လုံခြုံရေးအား ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီး(၁၁+၅၅)ဦး၊ အမှတ်(၈) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဗိုလ်မှူးကြီးသက်ထွန်း ဦးစီး (၇+၆၃)ဦး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစီး(၁+၃)တို့မှ အတွင်း/အပြင် လုံခြုံရေးအား အသင့်အနေထားဖြင့် ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။ (၂၀၃၀) အချိန်တွင် အကျဉ်းဦးစီး (ရွှေဘို) လုံခြုံရေး(၂+၅)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ (၃+၂၂)ဦးတို့မှ အိပ်ဆောင်(၂)သို့ သွားရောက်စဉ် အဆောင်ဝင်းတံခါးပေါက် အရောက်၌ အကျဉ်းသား(၃၀)ဦးခန့်မှ ခဲများပစ်ပေါက်ခြင်း၊ အော်ဟစ်ဆဲဆိုခြင်း၊ ပျဉ်းချောင်းများကိုင်၍ ပြန်လည်တိုက်ခိုက်ခြင်း၊ အိပ်ဆောင် (၃)အကျဉ်းသားများမှ အုတ်ရိုးကျော်၍ လူအင်အားဖြင့် အုတ်ခဲများဖြင့် ပစ်ပေါက်သောကြောင့် ဗဟိုကင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ သေနတ်ဖြင့် အချက်(၂၀)ခန့် ပစ်ဖောက်လူစုခွဲရာ သေဆုံး(၄)ဦး၊ ဒဏ်ရာရ(၂)ဦး၊ ဒဏ်ရာ ရ(၂)ဦးအနက်မှ (၁)ဦး(စိုးရိမ်ရ)တို့ဖြစ်ပြီး (စိုးရိမ်ရ အကျဉ်းသား)အား မန္တလေးဆေးရုံကြီး ပို့ဆောင်ပေးခဲ့ပါသည်။ အဆိုပါဖြစ်စဉ်တွင် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး ထိခိုက်ဒဏ်ရာ အသီးသီး ရရှိခဲ့ပါ သည်။

(၂၂၃၀)အချိန်တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဦးစီးအဖွဲ့ရောက်ရှိခဲ့ပြီး ဆူပူမှုအား ထိန်းသိမ်းနိုင်ရေးအတွက် အနီးကပ် ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။ (၉-၅-၂၀၁၉)ရက်နေ့ (၀၀၃၀)အချိန်တွင် အိပ်ဆောင်(၁) (၂) (၃)မှ အကျဉ်းသားများ အိပ်ဆောင်အတွင်းသို့ မဝင်ရောက်ဘဲ ဆက်လက်အော်ဟစ် ဆဲဆိုလျက်ရှိသဖြင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ ဖြစ်စဉ်အား ထိခိုက်မှုအနည်းဆုံးနှင့် ပြီးဆုံးစေရန် ဆောင်ရွက်ခဲ့ပါသည်။ သို့သော်လည်း အကျဉ်းသားများမှာ အိပ်ဆောင်အတွင်းသို့ မဝင်ရောက်ဘဲ ဆက်လက် အော်ဟစ်ဆဲဆိုခဲ့ပါသည်။

(၉-၅-၂၀၁၉)ရက်နေ့ (၀၆၁၅)အချိန်တွင် လုံ/နယ်ဝန်ကြီး ဦးစီး၍ အကျဉ်းထောင်ရှိ အိပ်ဆောင်အသီးသီးမှ ကိုယ်စားလှယ်(၁၆)ဦးနှင့် တွေ့ဆုံညှိနှိုင်းခဲ့ရာ အကျဉ်းထောင်အတွင်း သေဆုံးနေသည့် အလောင်း (၃)လောင်းရှိကြောင်း တောင်းဆိုချက်များကို လိုက်လျောမှသာ အလောင်းများသယ်ယူခွင့် ပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းတို့၏ တောင်းဆိုချက်များမှာ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ ခွင့်ပြုရန်၊ မီဒီယာအဖွဲ့များနှင့် တွေ့ဆုံခွင့်ပြုရန်၊ လူအခွင့်အရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်ပြုရန်တို့ ဖြစ်ပါသည်။ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ဒဏ်ရာရ အကျဉ်းသားများကို ဆေးကုပေးမည် ဖြစ်ပါကြောင်း အိပ်ဆောင်မှ ခေါ်ထုတ်ပေးရန်နှင့် ဝန်ကြီးချုပ်နှင့်တွေ့ဆုံနိုင်ရေး တင်ပြပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် (၀၆၀၀)အချိန်တွင် မုံရွာမြို့မှ ထွက်ခွာခဲ့ပြီး ရွှေဘိုအကျဉ်းထောင်သို့ (၀၈၁၅)အချိန် ရောက်ရှိ၍ လုံ/နယ်ဝန်ကြီး ပူးပေါင်းအဖွဲ့ဖြင့် ထောင်ကျအဆောင်များမှ ကိုယ်စားလှယ်အဖွဲ့ (၃)ဖွဲ့အား ထောင်ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ တွေ့ဆုံခဲ့ရာတွင် အကျဉ်းသားများမှ ထောင်တွင်းသို့ ဝန်ကြီးချုပ်၊ မီဒီယာ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများကို ရဲ၊ ထောင်ဝန်ထမ်းများ မပါဘဲ ဝင်ရောက်၍ ထိခိုက်ဒဏ်ရာ ရသူများ၊ ပျက်စီးမှုများနှင့် အလောင်း(၃)လောင်းကို ဝင်ရောက်ကြည့်ရှု့ရန်သာ ထပ်မံတောင်းဆိုခဲ့ပါသည်။ ဝန်ကြီးချုပ်မှ ထောင်ကျအကျဉ်းသား အားလုံး အိပ်ဆောင်အတွင်း စနစ်တကျ ပြန်လည် ဝင်ရောက်ရန်နှင့် အိပ်ဆောင်အတွင်း စနစ်တကျ ရောက်ရှိမှသာ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း ညှိနှိုင်းမှု အဆင်ပြေခဲ့ခြင်းမရှိပါ။ အကျဉ်းသား/ သူများသည် အိပ်ဆောင်အတွင်းမနေဘဲ အပြင်ဘက်တွင်သာ ဆက်လက်ရှိပြီး လုံခြုံရေးများကို ရန်စသည့် အပြုအမူများသာ ဆက်လက်ပြုလုပ်လျက် ရှိသဖြင့် (၁၃၀၀)အချိန်တွင် ဆူပူလှုပ်ရှားသူများကို သက်ဆိုင်ရာ အိပ်ဆောင်များအတွင်းသို့ ပြန်လည်ဝင်ရောက်ရန် အသံချဲ့စက်ဖြင့် (၃)ကြိမ်(၃)ခါသတိပေးခဲ့ပြီး အကျဉ်းဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောအဖွဲ့သည် (၁၃၂၀)အချိန်၌ ရွှေဘိုထောင်အတွင်းသို့ စတင်ဝင်ရောက်ကာ အိပ်ဆောင် (၁)ခုချင်းအလိုက် အကျဉ်းကျသူများ မိမိနေရာတွင် စနစ်တကျရှိစေရေး အိပ်ဆောင် (၁)ဆောင်ချင်းအား ရှင်းလင်းဆောင်ရွက်ခဲ့ရာ (၁၄၃၀)အချိန်တွင် အဆောင်အားလုံးကို ထိန်းသိမ်း နိုင်ခဲ့ပါသည်။ ယင်းသို့ထိန်းသိမ်းမှု ဆောင်ရွက်ရာတွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိပါကြောင်း၊ အကျဉ်းထောင်အတွင်း အသေးစိတ် ရှင်းလင်းဆောင်ရွက်ခြင်းနှင့် အကျဉ်းဦးစီးဌာန၏ ထောင်လုပ်ငန်းစဉ်အတိုင်းသာ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

9-5-2019 0019-5-2019 0029-5-2019 0039-5-2019 0049-5-2019 0059-5-2019 0069-5-2019 007

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon