စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သည် ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှ တရုတ်နိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသော အလုပ်သမား(၁၁)ဦးအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့ (၁၃၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကလေးခရိုင်၊ မင်းကင်းမြို့နယ်မှ တရုတ်နိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသော အလုပ်သမား(၁၁)ဦးအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းအခမ်းအနားသို့ တိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ တိုင်းဒေသကြီးလူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တရုတ်နိုင်ငံသို့ တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်၍ ပြန်လည်ရောက်ရှိလာသည့် မင်းကင်းမြို့နယ်မှ အလုပ်သမား(၁၁)ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးလူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် စည်ပင်သာယာရေး ဝန်ကြီးတို့မှ အားပေးစကားပြောကြားခြင်း၊ အလုပ်သမားများက ၎င်းတို့တွေ့ကြုံခဲ့ရသည့် အခက်အခဲများကို တင်ပြပြီး ကူညီကယ်တင်ခဲ့သဖြင့် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ငွေ( ၁ )ဦးလျှင် ကျပ် ( ၁ )သိန်းနှုန်းဖြင့် စုစုပေါင်းကျပ်( ၁၁ )သိန်းနှင့် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ၎င်းအလုပ်သမား( ၁၁ )ဦးအား မင်းကင်းမြို့နယ်သို့ ပြန်လည်ပို့ဆောင်ပေး၍ မင်းကင်းမြို့နယ် စီမံခန့်ခွဲရေးကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ မိဘများထံ ပြန်လည်အပ်နှံ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

မိဘပြည်သူများအနေဖြင့် ပြည်ပနိုင်ငံများ၌ အလုပ်သွားရောက်လုပ်ကိုင်ပြီး ပြန်လာရန် အခက်အခဲရှိသော ပြည်သူများနှင့် ပတ်သက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

23-8-2019 sgg 01323-8-2019 sgg 01423-8-2019 sgg 01523-8-2019 sgg 01623-8-2019 sgg 01723-8-2019 sgg 018