စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

တစ်ဧက (၁၄၂ဒသမ၅)တင်းနှုန်းထွက်ရှိသော GW-1 ပုလဲသွယ်စပါး စံကွက်ရိတ်သိမ်းပွဲ ချောင်းဦးမြို့နယ်တွင် ကျင်းပ

            ၂၀၁၅ ခုနှစ် မိုးစပါးစိုက်ရာသီက စိုက်ပျိုးခဲ့သောစပါးများ ယခုအခါတွင် ရင့်မှည့်လာပြီဖြစ်ရာ စံပြကွက်များကို စတင်ရိတ်သိမ်းပြီး အထွက်နှုန်းများစမ်းသပ်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှကျေးရွာ ကွင်းအမှတ် ၁၉၆၃(က) ဦးပိုင်အမှတ်(၂၉၅)အတွင်းရှိ တောင်သူဦးကြည်ဆန်း၏ GW-1 ပုလဲသွယ်စပါးစိုက်ခင်း စံကွက်ရိတ်သိမ်းပွဲကို ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်ပိုင်းက  ပြုလုပ်ခဲ့ကြောင်း သိရသည်။

            “သိပ္ပံနည်းကျ စိုက်နည်းစနစ်နဲ့ အထွက်တိုးစပါးစိုက်တာ အထွက်နှုန်းကလည်း တင်းတစ်ရာအထက် ထွက်တဲ့အတွက် ကောင်းတယ်၊ တခြားတောင်သူတွေလည်း အထွက်နှုန်းကောင်းတဲ့ စပါးမျိုးတွေကို သိပ္ပံနည်းကျ စိုက်နည်းစနစ်တွေနဲ့ စိုက်ပျိုးစေချင်တယ်၊ လိုအပ်တဲ့ နည်းပညာတွေကို စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းတွေက အကူအညီတွေပေးကြတဲ့အတွက် အခက်အခဲမရှိပါဘူး၊ အခုစပါးကိုလည်း မြစ်ရေတင်က ရရှိတဲ့ စိုက်ပျိုးရေနဲ့ ယာမြေကနေ လယ်မြေပြောင်းစိုက်တာပါ၊ စုစုပေါင်း (၁၅)ဧက စိုက်တာပါ”ဟု တောင်သူ ဦးကြည်ဆန်းက ပြောသည်။

            အဆိုပါစံကွက်ရိတ်သိမ်းပွဲသို့  ချောင်းဦးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှသိန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် ချောင်းဦးမြို့နယ်အတွင်း ၂၀၁၅ ခုနှစ် မိုးစပါးစိုက်ရာသီ တစ်မြို့နယ်လုံးတွင် (၁၇၂၃၀)ဧက စိုက်ပျိုးခဲ့ကြပြီး၊ GW-1 ပုလဲသွယ် စပ်မျိုးစပါး (၁၅၄)ဧက စိုက်ပျိုးခဲ့ရာ တစ်ဧကကို ပျမ်းမျှ (၁၄၂ဒသမ၅)တင်း ထွက်ရှိကြောင်း စံပြကွက်ရိတ်သိမ်းမှု စစ်တမ်းအရ သိရသည်။

မုံရွာမြို့တွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနား ကျင်းပ

201512062

            ၂ဝ၁၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ်အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် ဒီဇင်ဘာလ(၃)ရက်နေ့ နံနက်(၈)နာရီက ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာအေး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

            အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားသည်။

            ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် စာစီစာကုံပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ကြပြီး စစ်ကိုင်းမျက်မမြင်ကျောင်းနှင့် မုံရွာရောင်ခြည်သစ် မျက်မမြင်ကျောင်းများမှ ကျောင်းသား/သူများက တီးဝိုင်းများဖြင့် သီဆိုဖျော်ဖြေကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

            ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် ဓာတ်ပုံပြခန်းများနှင့် သင်ကြားမှုအထောက်အကူပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

201512061

 

            ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဒီဇင်ဘာလ(၂)ရက်နေ့ ညနေ(၃)နာရီက  မုံရွာမြို့၊ တိုင်းဒေသကြီးအားကစားကွင်းအတွင်း ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာအေး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးသင်းလှိုင်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

            စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ၏ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် မုံရွာခရိုင်ကိုယ်စားပြုအသင်းနှင့် ကလေးခရိုင်ကိုယ်စားပြုအသင်းတို့ ယှဉ်ပြိုင်ကစားရာ မုံရွာခရိုင်အသင်းက ကလေးခရိုင်အသင်းကို (၂)ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။

            ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစန်းရွှေက အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ကသာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်းကောင်း၊ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးရူစံကြူးက အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ကလေးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုအားလည်း ကောင်း ပေးအပ်ချီးမြှင့်ကြသည်။

            ယင်းနောက် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးသောင်းစိန်က အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော မုံရွာခရိုင်အသင်းအား တစ်ဦးချင်းတံဆိပ်များအားလည်းကောင်း၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ် ဒေါ်ခင်မြင့်အေးက အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးဆုရရှိသူများအားလည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဝင်းမြင့်က အမျိုးသားဘောလုံးပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးဆုရရှိသော အားကစားသမားများအားလည်းကောင်း ဆုများ အသီးသီးချီးမြှင့်ကြသည်။

            ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးသင်းလှိုင်က အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော ကလေးခရိုင်အသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော မုံရွာခရိုင်အသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဒိုင်းဆုအား အသင်းအုပ်ချုပ်သူနှင့် အားကစားသမားများထံ ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

            အဆိုပါ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကြီးအား တိုင်းဒေသကြီးအတွင်းရှိ ပညာရေးခရိုင်(၇)ခုဖြစ်သော စစ်ကိုင်း၊ မုံရွာ၊ ယင်းမာပင်၊ ရွှေဘို၊ ကလေး၊ ကသာ၊ ခန္တီးခရိုင်တို့မှ ကျောင်းသား/သူအားကစားမောင်မယ် (၁ဝ၅ဝ)ဦးတို့မှ အားကစားနည်း(၉)မျိုးတို့အား နိုဝင်ဘာလ(၂၉)ရက်နေ့မှ ဒီဇင်ဘာလ(၂)ရက်နေ့အထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အခမ်းအနားကျင်းပ

201512043

            ခွဲခြားနှိမ့်ချကင်းစင်ဝေး၊ ကူးစက်သေဆုံမှုမရှိရေး အေအာတီ(ART)ဖြင့်ကုသပေး ခေါင်းစဉ်ဖြင့် ကျင်းပသော ၂ဝ၁၅ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကို ဒီဇင်ဘာလ(၁)ရက်နေ့ နံနက်(၉)နာရီက မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးသာအေး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းသား/သူများ၊ သူနာပြုသင်တန်းကျောင်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

            အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှပေးပို့သော ၂ဝ၁၅ ခုနှစ် ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ သဝဏ်လွှာအား တိုင်းဒေသကြီးကျန်းမာရေးဦးစီးမှူးက ဖတ်ကြားပြီး (HIV)နှင့်နှီးနွယ်သော ကလေးများအဖွဲ့၊ Alliance (MSM) အဖွဲ့တို့မှ တေးသရုပ်ဖော်များဖြင့် ဖျော်ဖြေကြသည်။

            ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ကျင်းပခဲ့သော စာစီစာကုံး၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲများ၏ အခြေခံပညာအထက်တန်းအဆင့် ထူးချွန်ဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်က အခြေခံပညာအလယ်တန်းအဆင့် ထူးချွန်ဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီး သစ်တော၊ သတ္တုနှင့် စွမ်းအင်ဝန်ကြီးက အခြေခံပညာမူလတန်းအဆင့် ထူးချွန်ဆုများကိုလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးဝန်ကြီးက တေးသရုပ်ဖော်များဖြင့် ကပြခဲ့သောအဖွဲ့များကို ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အလောင်းတော်ကဿပ ဘုရားဖူးရာသီလမ်း မကြာမီ ဖွင့်လှစ်တော့မည်

201512042

            အလောင်းတော်ကဿပသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၏ အနောက်မြောက်ဘက် မိုင်(၆၀)ခန့်အကွာတွင် တည်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများနှစ်စဉ် လာရောက်လျက်ရှိရာ ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းရှင်းပြီး စိတ်အေးချမ်းမြေ့စွာ လာရောက်ဖူးမြော်နိုင်ရေး ဘုရားဖူးရာသီလမ်းအား အချိန်မီ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

            အလောင်းတော် ဘုရားဖူးရာသီလမ်းပိုင်း ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေနှင့်ပတ်သက်ပြီး ယင်းမာပင်ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက “ဘုရားဖူးလာရောက်သူတွေ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ စိတ်အေးချမ်းမြေ့စွာ လာရောက်ဖူးမြော်နိုင်ဖို့အတွက် အလောင်းတော် ဘုရားဖူး ရာသီလမ်းကို နိုဝင်ဘာလ(၂၃)ရက်လောက်ကတည်းက စတင်ပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်  အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်က တာဝန်ရှိသူများ၊ ဘုရားဂေါပကအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပြီး လူအင်အား(၆၀)ကျော်နဲ့ ဘက်ဖိုး(၁)စီး၊ ဒိုဇာ(၂)စီး ဂရေဒါ(၁)စီးနဲ့ စတင်ဆောင်ရွက်နေတာ ပွင့်ကြီးစခန်းနားအထိ ရောက်နေပါပြီ။ မိုးတွင်းက တောင်ကျရေ တိုက်စားမှုကြောင့် ပျက်စီးခဲ့သည့် လမ်းပိုင်းနေရာတွေမှာ တားကတုတ်ကျင်းတွေရိုက်၊ ကျောက်ချ၊ မြေဖို့စတာတွေ ဆောင်ရွက်နေပါတယ်။ အရင်နှစ်ကတော့ ဒီဇင်ဘာလနောက်ဆုံးအပတ်လောက် ဖွင့်နိုင်ခဲ့ပါတယ်။ ယခု ဘုရားဖူးရာသီလမ်းကို အရင်နှစ်ကထက် စောပြီးဖွင့်နိုင်အောင် ကြိုးစားပြီး ဆောင်ရွက်နေပါတယ်”ဟု ပြောကြားခဲ့သည်။

            အဆိုပါ အလောင်းတော်ကဿပသို့ မော်တော်ကားဖြင့် ဘုရားဖူးသွားရောက်ကြရာတွင် မုံရွာ-တရော်ကျင်း-ကပိုင်-အလောင်းတော်လမ်းနှင့် မုံရွာ-ယင်းမာပင်-ဇီးတော-ကပိုင်-အလောင်းတော်လမ်းတို့မှ သွားရောက်မှု များပြားပြီး  ကျန်လမ်းများဖြစ်သည့်  ယင်းမာပင်-လည်ငေါက်-ကပိုင်-အလောင်းတော်လမ်း၊ ယင်းမာပင်-ပြန်လှည့်-တရော်ကျင်း-ကပိုင်-အလောင်းတော်လမ်းနှင့် ယင်းမာပင်-စားတော်ပြင်-ကုန်းရွာ-ကပိုင်-အလောင်းတော်လမ်းတို့မှလည်း သွားရောက်နိုင်ကြောင်းနှင့် အလောင်းတော်ကဿပ ဘုရားဖူးရာသီတွင် မုံရွာမြို့မှ အလောင်းတော်ကဿပအထိ ကားလိုင်းများမှလည်း တိုက်ရိုက်ပြေးဆွဲမည် ဖြစ်ကြောင်း သိရှိရသည်။

အထူးအထွက်တိုး ရွှေတောင်(၈)နှင့် ငွေချည်(၉) ချည်မျှင်ရှည်ဝါ စံပြကွက် ကွင်းပြပွဲ မြင်းမူမြို့နယ်၌ ကျင်းပ

            အထူးအထွက်တိုးသည့် ဝါမျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးနိုင်ရန်အတွက် မိုးနှောင်း ရွှေတောင်(၈)နှင့် ငွေချည်(၉) ချည်မျှင်ရှည်ဝါ တောင်သူပညာပေး စံပြကွက် ကွင်းပြပွဲကို ဒီဇင်ဘာလ(၂)ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာ၊ ကွင်းအမှတ်(၃၀၈)၊ ဦးပိုင်အမှတ်(၂၇)ရှိ တောင်သူ ဦးစိုးဝင်း၏ ဝါစိုက်ခင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

            ကွင်းပြပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက အမှာစကား ပြောကြားပြီး စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာန(စက်မှုသီးနှံ) ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဦးနှင့် မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းတို့က ရွှေတောင်(၈)နှင့် ငွေချည်(၉) ချည်မျှင်ရှည်ဝါ စိုက်ပျိုးခြင်းနှင့်စပ်လျဉ်း၍ တစ်ဧကချင်း အပင်ဝင်ဆံ့မှု၊ အထွက်နှုန်း၊ ဓာတ်မြေသြဇာအသုံးပြုမှုနှင့် ပိုးသတ်ဆေး အသုံးပြုမှုအခြေအနေတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

            ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေသည့် ရွှေတောင်(၈)နှင့် ငွေချည်(၉) ချည်မျှင်ရှည်ဝါစိုက်ခင်းအား ကြည့်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မိုးဝင်းနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

            အဆိုပါ ရွှေတောင်(၈) ချည်မျှင်ရှည်ဝါသည် တစ်ဧကလျှင် (၁၁၂၀)ပိဿာခန့်နှင့် ငွေချည်(၉) ချည်မျှင်ရှည်ဝါသည် တစ်ဧကလျှင် (၁၀၇၅)ပိဿာခန့် ထွက်ရှိပြီး ဝါစိုက်တောင်သူများ ရွေးချယ်စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(စက်မှုသီးနှံ)က စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် မြင်းမူမြို့နယ်အနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဝါမျိုးစုံ (၂၀၈၈၅)ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ကသာခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဖလား မြို့နယ်အလိုက်အမျိုးသမီးဘောလုံးပြိုင်ပွဲကျင်းပ

201512041

            စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ ၂၀၁၅ခုနှစ်၊ ကသာခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌဖလား မြို့နယ်အလိုက်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ(၁)ရက်နေ့၊ ညနေ(၃)နာရီခွဲတွင် ကသာမြို့ရှိ မီတာ(၄၀ဝ)အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

            အဆိုပါ အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ကသာခရိုင်အတွင်းရှိ ကသာ၊ ကောလင်း၊ ဝန်းသို၊ အင်းတော်၊ ပင်လည်ဘူး၊ ဗန်းမောက်၊ ထီးချိုင့်မြို့နယ်များမှ အမျိုးသမီးဘောလုံးအသင်းများ လာရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲကို  နိုဝင်ဘာ(၂၉)ရက်မှစ၍ တစ်ရက်လျှင်(၂)ပွဲနှုန်းဖြင့် ရှုံးထွက်ပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ခဲ့ကြရာ ဗိုလ်လုပွဲကို ကသာမြို့နယ် အမျိုးသမီးဘောလုံးအသင်းနှင့် အင်းတော်မြို့နယ် အမျိုးသမီးဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ကသာမြို့နယ် အမျိုးသမီးဘောလုံးအသင်းက (၃ဂိုး-၁ဂိုး)ဖြင့် အနိုင်ရရှိပြီး ဆုဖလားအား ရရှိသွားခဲ့သည်။

            ထို့နောက် ပြိုင်ပွဲတွင် ရှေ့တန်းအကောင်းဆုံးဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ နောက်တန်း အကောင်းဆုံးကစားသမားဆုများကို ခရိုင်စီမံကိန်းဦးစီးအရာရှိ၊ ခရိုင်တရားသူကြီးနှင့် မြို့နယ်လဝက ဦးစီးမှူးတို့က ဆုများကို အသီးသီးပေးအပ်ခဲ့သည်။ ဆက်လက်၍ ဒုတိယဆုရရှိသော အင်းတော်မြို့နယ် အမျိုးသမီးဘောလုံးအသင်းအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဝင်းအောင်မှ ငွေကျပ်(၅)သောင်းကို ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသော ကသာမြို့နယ် အမျိုးသမီးဘောလုံးအသင်းအား ငွေကျပ်(၁)သိန်းနှင့် ဆုဖလား၊ ဆင့်ပွားဖလားများကို ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ကျော်အုန်းမှ ပေးအပ်ခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

Subcategories

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇