စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

မုံရွာမြို့တွင် စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

201511243

            ၂၀၁၅ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ မြို့မဂါတ်ကျောင်းတိုက်ဝင်းအတွင်း ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသင်းလှိုင်နှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းမိသားစုများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

            အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သံဃာ့နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ မုံရွာမြို့ ဓမ္မပါရဂူပါဠိတက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တအရိယာလင်္ကာရ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များ ရွတ်ဖတ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

            ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး မုံရွာမြို့၊ မြို့မဂါတ်ကျောင်း ဆရာတော်ထံမှ အနုမောဒနာတရား နာယူကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

လာမည့်နှစ် နွေစပါးစိုက်ရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း နွေစပါးဧက ငါးသိန်းကျော် စိုက်ပျိုးနိုင်ရေးလျာထား

            မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် နိုင်ငံ့လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းသည် ကျေးလက်ဒေသတွင် နေထိုင်ကြကာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင် စားသောက်ကြသူများဖြစ်ကြသည်။

            သို့ဖြစ်ရာ နေ့စဉ်မရှိမဖြစ် အခြေခံလိုအပ်ချက်ဖြစ်သော စားနပ်ရိက္ခာ ဖူလုံရေးသည် အဓိကတာဝန်ကြီး တစ်ရပ်ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆန်ဖူလုံစွာ စားသုံးနိုင်ရန်နှင့် ပိုလျှံသော စပါးများကို  တင်ပို့ရောင်းချနိုင်ရေးအတွက် ၂ဝ၁၅-၂ဝ၁၆ နွေစပါးစိုက်ရာသီတွင် နွေစပါး(၅၁ဝ၅ဝဝ)ဧက စိုက်ပျိုးနိုင်ရေး လျာထားကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

            ''သတ်မှတ်လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်တဲ့စိုက်ပျိုးရေးနည်းပညာတွေ စိုက်ပျိုးစရိတ် ချေးငွေများအချိန်မီရရှိရေးတို့ကို ဆောင်ရွက်ပေးနေပါတယ်၊ ပြီးခဲ့တဲ့မိုးရာသီမှာ မိုးရွာသွန်းမှုများပြီး မိုးစပါးမစိုက်ပျိုးနိုင်တဲ့လယ်တွေကတော့ နွေစပါးကိုအချိန်မီစိုက်ပျိုးနိုင်မှာပါ၊ မိုးစပါးနောက်ကျစိုက်တဲ့ လယ်တွေကတော့ နွေစပါးစိုက်ပျိုးမှုနောက်ကျနိုင်တယ်၊ အဲဒိလယ်တွေအတွက် သက်တမ်းတိုတိုနဲ့ စိုက်ပျိုးနိုင်မဲ့ စပါးမျိုးတွေကို အသုံးပြုနိုင်ဖို့အတွက် စီစဉ်နေပါတယ်''ဟု တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ပြောပြသည်။

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁၄-၂ဝ၁၅ခုနှစ်နွေစပါးစိုက်ရာသီတွင် နွေစပါး(၁၇၅၄၉၂)ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ၂ဝ၁၅-၂ဝ၁၆ခုနှစ် နွေစပါးစိုက်ရာသီတွင် စစ်ကိုင်းခရိုင်အတွင်း(၁၃ဝဝဝ)ဧက၊ မုံရွာခရိုင် အတွင်း(၁၄ဝ၅ဝ)ဧက၊ ယင်းမာပင်ခရိုင်အတွင်း (၈၄၅ဝ)ဧက၊ ရွှေဘိုခရိုင်အတွင်း (၄ဝ၇၂ဝဝ)ဧက၊ ကသာခရိုင်အတွင်း (၂၂၈ဝဝ)ဧက၊ ကလေးခရိုင်အတွင်း (၁၄၃ဝဝ)ဧက၊ မော်လိုက်ခရိုင်အတွင်း (၁၇၇ဝဝ)ဧက၊ တမူးခရိုင်အတွင်း (၂၇ဝဝ)ဧကနှင့် ခန္တီးခရိုင်အတွင်း (၁ဝ၃ဝဝ)ဧက စုစုပေါင်း (၅၁ဝ၅ဝဝ)ဧက စိုက်ပျိုးနိုင်ရေး လျာထားလျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး ရွှေရတုတိပိဋကစက္ခုပါလ မျက်စိဆေးရုံတော်ကြီးတွင် ကျင်းပသည့် မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ် ကုသပေးပွဲသို့ တက်ရောက်

201511244

            စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ(၁၈)ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ထီဆောင်းကျေးရွာ၊ ရွှေရတုတိပိဋကစက္ခုပါလ မျက်စိဆေးရုံတော်ကြီး၌ ကျင်းပသော ရွှေရတုတိပိဋကဓရ ဓမ္မဘဏ္ဍာဝါရိက ဘဒ္ဒန္တဝံသပါလာလင်္ကာရ ဆရာတော်ကြီးနှင့် တိပိဋကဓရ ဘဒ္ဒန္တပညာသိရီလင်္ကာရ  ဆရာတော်ကြီးများ  ဦးဆောင်မှုဖြင့်  ထိုင်းနိုင်ငံ၊  ဘန်ကောက်ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးအဖွဲ့တို့မှ မျက်စိဝေဒနာရှင်များအား အခမဲ့ ခွဲစိတ် ကုသပေးပွဲသို့ တက်ရောက်ကြသည်။

            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးထံ ဂုဏ်ပြုမှတ်တမ်းလွှာအား ပေးအပ်ပြီး မျက်စိဝေဒနာရှင်များ အမြင်အာရုံ စမ်းသပ်နေမှုနှင့် ခွဲစိတ်နေမှုအား ကြည့်ရှုကာ ခွဲစိတ်ပြီးလူနာများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

201511242

            စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးသည် တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစောမြင့်ဦး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် နိုဝင်ဘာလ(၁၇)ရက်၊ နံနက်ပိုင်းတွင် မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ တွင်းတော်ကျေးရွာသို့ ရောက်ရှိကြသည်။

            ရှေးဦးစွာ တွင်းတော်ကျေးရွာ ကျောင်းတိုက်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကာ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေရရှိရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

            ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် ရေဘုတလင် လျှပ်စစ်မြစ်ရေတင်စီမံကိန်းသို့ရောက်ရှိရာ မြစ်ရေတင်စိုက်ပျိုးရေပေးဝေနေမှုအား ကြည့်ရှုစစ်ဆေးပြီး တွင်းတော်-ခိုချောင်း-ရေဘုတလင် ကားလမ်းဘေးဝဲ/ယာရှိ နေကြာခင်း၊ နှမ်းခင်း၊ ပဲစိမ်းငုံခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

            ယင်းနောက် ချပ်ခလေးကျေးရွာ၊ ခိုချောင်းကျေးရွာ၊ အောင်ဆန်းမြင့်ကျေးရွာများမှ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျေးရွာပြည်သူများက ကျေးရွာ၏ လိုအပ်ချက်များကို အသီးသီး တင်ပြကြသည်။

            ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ အသီးသီး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကျေးရွာများအတွက် ကျောင်းသုံး ဗလာစာအုပ်များ၊ အားကစားပစ္စည်းများ၊ ဂျာနယ်စာစောင်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

            ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် မြသိန်းတန် လျှပ်စစ်မြစ်ရေတင် စီမံကိန်းသို့ရောက်ရှိရာ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရေပေးဝေရေးမြောင်းများ ဖောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး တောင်ကျင်းကျေးရွာ၊ သာယာကုန်းကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျေးရွာ၏ လိုအပ်ချက်များဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးရွာလျှပ်စစ်မီးလင်းရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

            ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ဝတ်ချောင်းလေးကျေးရွာသို့ ရောက်ရှိရာ ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပါးများ ပြိုကျပျက်သွားမှုအား ကြည့်ရှုစစ်ဆေးပြီး ပြောင်းရွေ့နေထိုင်ရသည့် ပြည်သူများနှင့်တွေ့ဆုံပြီး ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးလင်းရေး၊ လူနေအိမ်အဆောက်အဦများ ဆောက်လုပ်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

            ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် နတ်ကြီးကျေးရွာ၊ မိုးကောင်းကျေးရွာ ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျေးရွာ လျှပ်စစ်မီးလင်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပွဲစဉ်များ မုံရွာမြို့တွင် စတင်ယှဉ်ပြိုင်လျက်ရှိ

မြန်မာတစ်မျိုးသားလုံး၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊အမျိုးသား ရေးလက္ခဏာများ၊ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို မုံရွာမြို့တွင် နိုဝင်ဘာလ(၁၆)ရက်နေ့ နံနက်ပိုင်းမှ စတင်ကျင်းပ လျက်ရှိရာ  တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ခန်းမတွင်လညး် အရေးပြိုင်ပွဲဝင် များ စတင် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

အရေးပြိုင်ပွဲ ကျင်းပနေမှုအခြေနေနှင့် ပတ်သက်၍ ဒိုင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ မုံရွာတက္ကသိုလ် မြန်မာ စာဌာနမှ မဟာ ဂီတစာပေသုတေသီ ဒေါက်တာအောင်နေမျိုးက (၂၂)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် အရေးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူများမှာ စစ်ကိုင်း ခရိုင်နှင့် ရွှေဘိုခရိုင်တို့မှ ဝါသနာရှင်(ပ)အဆင့် (၂)ဦး၊ ဝါသနာရှင် (ဒု)အဆင့် (၂)ဦး စုစုပေါင်း(၄)ဦး ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိကြောင်း၊ ဝါသနာရှင်(ပ)အဆင့်များသည် ပြည်ထောင်စု တေးသံ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဝါသနာရှင်(ဒု)အဆင့်များသည် ပန်းတိုင်းပွင့်စေချင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ယှဉ်ပြိုင်လျက်ရှိကြကြောင်း၊ရှင်းလင်းပြောကြားသည်။

အရေးပြိုင်ပွဲဝင်များသည် ယနေ့ ယှဉ်ပြိုင်ရေးသားထားသည့် တေးသီချင်းစားသားကို ဂီတ သံစဉ်ထည့်သွင်းခြင်း၊ သီဆိုသူ တီးမှုတ်သူများဖြင့် တွဲဖက်လေ့ကျင့်ခြင်းပြုလုပ်ပြီး (၁၈.၁၁.၂၀၁၅)ရက်တွင် သရုပ်ပြသီဆိုပြိုင်ပွဲဝင်ကြမည်ဖြစ်သည်။ တိုင်းဒေသကြီးကိုယ်စားပြုဒိုင်အဖွဲ့ဝင်(၅)ဦးက စိစစ်ရွေးချယ် သွားမည်ဖြစ်ကာ တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအား နိုဝင်ဘာလ(၁၆)ရက်မှ နိုဝင်ဘာလ(၁၈)ရက်နေ့အထိ မုံရွာမြို့ မြို့တော်ခန်းမနှင့် မိုးလုံလေလုံခန်းမနှင့် ကျင်းပ ယှဉ်ပြိုင် သွားမည် ဖြစ်ကာ ထူးချွန်ပြိုင်ပွဲဝင်များအား နိုဝင်ဘာလ (၁၉) ရက်နေ့တွင် ဆုများ ပေးအပ်ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မုံရွာမြို့ ရွှေစည်ခုံဘုရားကြီးတွင် (၁၆)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲနှင့်ရက်ကန်းပြိုင်ပွဲ ကျင်းပမည်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သမိုင်းဝင်ရွှေစည်းခုံဘုရားကြီးတွင်နှစ်စဉ်ကျင်းပမြဲဖြစ်သော မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲ၊ ရက်ကန်းပြိုင်ပွဲကို တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့ (နိုဝင်ဘာလ၂၅ရက်) ညပိုင်းတွင် (၁၆)ကြိမ်မြောက်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

          '' မသိုးရက်ကန်းပြိုင်ပွဲကိုနှစ်စဉ်ကျင်းပလာတာ (၁၆)ကြိမ်မြောက်ရှိသွားပြီ ဒီနှစ် ပြိုင်ပွဲဝင်မဲ့ အသင်း ဒီနေ့အထိ(၁ဝ)သင်း စာရင်းလာပေးထားတယ်၊ အဲဒိအထဲက(၅)သင်းကို နိုဝင်ဘာလ(၁၉)ရက်နေ့မှာမဲစနစ်နဲ့ ရွေးပြီး ပြိုင်ပွဲဝင်ရမှာပါ၊ ပြိုင်ပွဲအသင်းတွေအနေနဲ့လေ့ကျင့်စေနိုင်ဖို့အတွက် နိုဝင်ဘာလ(၂၃)ရက်နေ့ကနေ (၂၅) ရက်နေ့မွန်းတည့်(၁၂)နာရီထိ လေ့ကျင့်ချိန်ပေးထားပါတယ်၊ ပထမ ဆုအနေနဲ့ သုံးသိန်းကျပ်၊ ဒုတိယဆုကို ကျပ်သိန်း၊ တတိယဆုကျပ်နှစ်သိန်း၊ နှစ်သိမ့်ဆု(၂)ဆုကို ရှစ်သောင်းကျပ်နှုန်းနဲ့ ချီးမြှင့်သွား မှာပါ၊ (၁၅) ကြိမ်မြောက်ပြိုင်ပွဲတုံးက ပထမဆုကိုမဏီစန္ဒာစင်(ဒါန်းပဲတဲကျေးရွာ)၊ ဒုတိယဆုကို ဝဏ္စပါဘာစင် (ခိုးသန်းကျေးရွာ)၊ တတိယဆုကို ဒေဝစ္ဆသာစင်(တုံ-ထန်းတောကြီးကျေးရွာ)တို့က ရရှိခဲ့ပါတယ်''ဟု ရွှေစည်ခုံ ဂေါပကအဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

          ယခုနှစ်တွင်လည်း မုံရွာမြို့နယ်အတွင်းမှ  ရက်ကန်းလုပ်ငန်းများအများဆုံး လုပ်ကိုင်သော ခိုးသန်း၊ ဒါန်းပင်တဲ ကျေးရွာနှင့်ဆားလင်းကြီးမြို့နယ်အတွင်းမှ တုံ-ထန်းတောကြီးကျေးရွာတို့မှ အများဆုံးလာရောက် ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်းနှင့် မဏီစန္ဒာကန်းစင်၊ သူရိယဝစ္ဆသာစင်၊ ဒေဝစ္ဆရာစင်၊ ဝဏ္ဏပါဘာစင်၊  ဓါတုကလျာစင် (၅)စင်ဖြင့် ပြိုင်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အသက်မွေးဝမ်းကျောင်းအထောက်အကူပြု တစ်လုံးထိုး ဒီဇယ်အင်ဂျင်များ ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်မည်

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်ခုဖြစ်ပြီး လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွင် လက်မှု လယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင် အထောက်အကူဖြစ်စေရေး တစ်လုံးထိုး ဒီဇယ်အင်ဂျင်များ ကိုင်တွယ်ထိန်းသိမ်း ပြုပြင်နည်းသင်တန်းအား မုံရွာမြို့ အစိုးရ နည်းပညာ အထက်တန်း ကျောင်း ၌နိုဝင်ဘာလ(၂၃) ရက်နေ့တွင် ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

'' အဓိကလယ်ယာသုံးစက်ကိရိယာတွေ ကိုင်တွယ်မောင်းနှင်နေတဲ့ တောင်သူတွေကို ဦးစားပေး သင်ပေးမှာပါ၊ စိတ်ဝင်စားတဲ့လူငယ်တွေလည်း တက်ရောက်နိုင်ပါတယ်၊ လယ်ယာသုံးစက်ကိရိယာပြုပြင် ထိန်းသိမ်း နည်းသင်တန်းကိုတော့ စိတ်ပါဝင်စားသူမည်သူမဆိုတက်ရောက်နိုင်ပါတယ်၊ အခြေခံပညာ အလယ်တန်း အောင်မြင်ပြီးသူတိုင်း တက်လို့ရတဲ့ ကွန်ပျူတာအခြေခံသင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားမှာပါ၊   ဒီသင်တန်း ကနေ အမျိုးသားအဆင့်ကျွမ်းကျင်မှုစံနှုန်း အဆင့်(၂)ရှိတဲ့သင်တန်း အောင်လက်မှတ်ကို ထုတ်ပေး သွားမှာပါ၊ သက်မွေးပညာတစ်ခုအဖြစ် ရပ်တည်နိုင်အောင်သင်တန်း(၂)ခုလုံးကို အခမဲ့သင်ကြားပေးမှာပါ''ဟု အစိုးနည်း ပညာ အထက်တန်းကျောင်းမှ ခေတ္တကျောင်းအုပ်ကြီး ဦးထွန်းမြိုင် ကပြောသည်။

အဆိုပါ လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို နိုဝင်ဘာလ(၂၃)ရက်နေ့မှ စတင်ပြီး ရက်သတ္တပတ် (၆)ပတ်ကြာနေ့စဉ် နံနက်(၉)နာရီမှ ညနေ(၄)နာရီထိလည်းကောင်း၊ ကွန်ပျူတာ အခြေခံ သင်တန်းအား နိုဝင်ဘာလ(၂၃)ရက်နေ့မှ ရက်သတ္တပတ် (၄)ပတ်ကြာ တစ်ရက်လျှင် (၂)နာရီကြာ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ရာ တောင်သူလယ်သမားများနှင့် ပြုပြင်ခြင်း လုပ်ငန်းများကို စီးပွားရေးအရ လုပ်ကိုင် လိုသူများ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရသည်။

Subcategories

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇