စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှကော်မရှင်လုပ်ငန်းဆိုင်ရာ တွေ့ဆုံရှင်းလင်း

မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှကော်မရှင်လုပ်ငန်းဆိုင်ရာ တွေ့ဆုံရှင်းလင်း

                                                                                                                                                       ကနီ၊ ဇွန် ၂

                       စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေခန်းမ၌ ဇွန်လ ၂ရက်နေ့တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ နိုင်ငံရေးပါတီများ၊ မြို့နယ် ရပ်/ကျေး ကော်မရှင်အတွင်းရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့(CSO)များအား ကော်မရှင်လုပ်ငန်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားကျင်းပခဲ့သည်။

                       အခမ်းအနားတွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းများကြေငြာခြင်းနှင့်ပတ်သက်၍ ဥပဒေများ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီးတက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြကြောင်း သိရသည်။

                       မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူမှ တက်ရောလာသူများက မေးမြန်သည်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ကိုယ့်အားကိုယ်ကိုး ကျေးရွာကုန်ထုတ်လမ်းမ မြေသားလမ်းဖောက်လုပ်

q

ကနီ ဇွန် ၁

                       စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်တွင် မဲဒင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသထွက်သီးနှံများ မုံရွာမြို့သို့ အချိန်နှင့်တစ်ပြေးညီ ကုန်းလမ်းမှ မော်တော်ယာဉ်များဖြင့် တင်ပို့ရောင်းချနိုင်ရန်အတွက် ယင်းကျေးရွာများနှင့် ကနီ- မင်းကင်းလမ်းနှင့်ဆက်သွယ်သော ကျေးရွာကိုယ့် အားကိုယ်ကိုး မြေသားလမ်းဖောက်လုပ်ခြင်းကို ဇွန်လ ၁ ရက်နေ့က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရှိန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်စိုး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဆိုင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးအောင်မင်း၊ မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်သန္တာအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

                       အဆိုပါ မြေသားလမ်းသည် ပေပေါင်း ၃၁၆၀ဝ ကျော်ရှည်ကာ ကနီ-မင်းကင်းလမ်းမကြီးနှင့် ဆက်သွယ်ဖောက်လုပ်ခြင်းဖြစ်သည်။ ၎င်းမဲဒင်ကျေးရွာအုပ်စုသည် ချင်းတွင်းမြစ်၏ အနောက် ဘက်ခြမ်းတွင်တည်ရှိပြီး မိုးတွင်းကာလများတွင် ချင်းတွင်းမြစ်ရေလျှံတက်လာပါက စက်လှေငယ်များဖြင့် သွားလာရပါသည်။ ကုန်စည်ပို့ဆောင်မှု၊ ပညာရေး၊ ကျန်းမာရေးနှင့် အခြားလူမှုရေးကိစ္စများလည်း အခက်အခဲများရှိပြီး ယင်းဒေသသည်စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသဖြင့် ဒေသထွက်သီးနှျံများကို ရာသီမရွေးသွားလာကူးသန်းနိုင်ရန်အတွက် မဲဒင်ကျေးရွာအုပ်စုအတွင်းမှ ပြည်သူများနှင့် အဝေးရောက် အလှူရှင်များမှ ငွေကျေးလှူဒါန်းမှုနှင့် မြို့နယ်မှတာဝန်ရှိသူများက စက်ယန္တရားရရှိရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

                       ‘ ကျွန်တော်တို့ ဒီကျေးရွာကုန်ထုတ်လမ်းမ မြေသားလမ်းဖောက်လုပ်ပြီးစီးပါက မဲဒင်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာလေးရွာမှဒေသခံပြည်သူသုံးထောင်ကျော်လေးထောင်တို့၏ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဒီထက်မကဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်’’ ဟု ဒေသခံတစ်ဦးမှ ပြောကြားသည်။

ချင်းတွင်းမြစ်ကမ်းဘေးတွင် နွေသီးနှံအဖြစ်စိုက်ပျိုးသော ပဲတီစိမ်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိ

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းဘေးတွင် ယခင်က ဆောင်းသီးနှံများအဖြစ် မြေပဲနှင့်ကုလားပဲများကို စိုက်ပျိုးကြပြီး နွေသီးနှံများကိုမူ ချင်းတွင်းမြစ်ရေအတက် အကျအခြေအနေများကြောင့် စိုက်ပျိုးခြင်းမရှိခဲ့ရာမှ ယခုအခါတွင် နွေသီးနှံများအဖြစ် ပဲတီစိမ်းသီးနှံများကို ပြောင်းလဲစိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

            နွေသီးနှံအဖြစ် ပဲတီစိမ်းပြောင်းလဲစိုက်ပျိုးမှုအခြေအနေနှင့်ပတ်သက်ပြီး `ချင်းတွင်းမြစ်ရေဝင်တဲ့နှုံးတင်နေရာတွေဆိုတော့ မြေဆီကတစ်အားကောင်းတယ်၊  ဟိုတုံးကချင်းတွင်းမြစ်ကမ်း နံဘေးမှာ ဆောင်းသီးနှံ အဖြစ်မြေကောင်းတဲ့နေရာမှာ မြေပဲတွေစိုက်ကြပြီး မြေညံ့တဲ့နေရာတွေမှာတော့ ကုလားပဲသီးနှံတွေကို စိုက်ပျိုးကြတယ်၊ နွေသီးနှံတွေကျတော့ တန်ခူး၊ ကဆုန်လဆိုရင် ချင်းတွင်းမြစ်ရေတက်လာတော့ စိုက်ထားသမျှမြစ်ရေကြောင့် ပျက်စီးဆုံးရှုံးကြလို့မစိုက်ကြဘူး၊ အခုနောက်ပိုင်းကျတော့ ရာသီဥတုတွေကပူပြင်းလာပြီး ချင်းတွင်းမြစ်ရေတက်ချိန်တွေနောက်ကျလာတော့ နွေသီးနှံတွေစိုက်လို့ရလာတယ်၊ မနှစ်ကတောင်သူ ဦးဝင်းဌေး မြေမှာ ကုလားပဲရေဆင်း(၁၄)မျိုးကို (၆)ပြည်စမ်းစိုက်တာ တင်း(၂၀)လောက်ရ တာကိုသိပြီး အခုနှစ်မှာ တောင်သူ(၃)ဦးလောက်က (၁၀)ဧကလောက်ကို ရေဆင်း(၁၄)၊ ဒေသမျိုးတွေနဲ့ အခုစိုက်ကြတာ၊ ကျွန်တော်က ရေဆင်း(၁၄)မျိုးကိုတစ်ဧကကျော်စိုက်တာ၊ ပထမအသုတ်ခူးတာ(၁၂)တင်းခွဲရပြီးပြီ၊ အခုဒုတိယ အသုတ်ခူး တော့မှာ၊ နွေရာသီဆိုတော့ မြစ်ကမ်းဘေးမှာ ပေ(၇၀)လောက်ရေတွင်းတူးပြီး မြေအောက်ရေနဲ့ စိုက်ကြတာ၊ အခုပဲတီးစိမ်းတစ်တင်းကိုငွေကျပ်(၃၉၀၀၀)ဈေးပေါက်တယ်၊ ပဲတီစိမ်းအသီးခူးရင် လူတစ်ယောက် တစ်မနက်ကို (၁၅၀၀)ကျပ် ပေးရတယ်၊ အထွက်နှုန်းလည်းကောင်းတယ်၊ ဈေးကောင်းလည်းရတော့ အဆင်ပြေပါတယ်၊ နောင်နှစ်လည်း နွေသီးနှံအဖြစ် ပဲတီစိမ်းကိုစိုက်ဧကတိုးစိုက်သွားမှာပါ´´ဟု အိုးဘိုတောင်ကျေးရွာမှတောင်သူဦးအောင်မြင့်စိန်က ပြောသည်။

            အိုးဘိုတောင်ရပ်ကွက်ရှိ ချင်းတွင်းမြစ်ကမ်းနံဘေး မြေများတွင်နှစ်ဆောင်သီးနှံများအဖြစ် မြေပဲနှင့် ကုလားပဲများစိုက်ပျိုးအဓိကစိုက်ပျိုးကြပြီး နွေသီးနှံများကိုမြစ်ရေအတက်အကျအခြေအနေကြောင့်စိုက်ပျိုးခြင်းမရှိခဲ့ရာမှ ယခုနောက်ပိုင်း တွင်ချင်းတွင်းမြစ်ရေတက်ချိန် နောက်ကျလာခြင်းကြောင့် နွေသီးနှံစိုက်ပျိုးချိန်ရရှိလာသဖြင့်စိုက်ပျိုးခဲ့ရာအထွက် နှုန်းကောင်းပြီးဈေးကောင်းရသဖြင့် ဒေသခံတောင်သူများ ဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကာတွန်း၊ပန်းချီ၊ပိုစတာပြိုင်ပွဲများကျင်းပ

d3

စစ်ကိုင်း၊မေ(၃၀)

          (၁၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကာတွန်း၊ ပန်းချီ၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများကို မေ(၃၀) ရက်နံနက်(၉)နာရီက စစ်ကိုင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း အသင်္ခယာခန်းမ၌ ကျင်းပသည်။ အဆိုပါပြိုင်ပွဲတွင် ခရိုင်အတွင်းစစ်ကိုင်း၊မြင်းမူနှင့်မြောင်မြို့နယ်များမှ အခြေခံပညာ အထက်တန်းအဆင့်(၂၄)ဦး၊ အလယ်တန်းအဆင့်(၁၄)ဦးနှင့် မူလတန်းအဆင့်(၁၇)ဦး၊ စုစုပေါင်း ကျောင်း သား/သူ(၅၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့၊ခရိုင်မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပညာရေးတို့မှ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည်ကိုသိရသည်။ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညို၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးစိုးသန့်၊ခရိုင်(MANA)အတွင်းရေးမှူး ဦးကျော်လင်းခိုင်၊မြို့နယ် (MANA) ဥက္ကဋ္ဌ ဦးရဲမြင့်၊ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများစစ်ကိုင်း၊မြင်းမူ၊မြောင်မြို့နယ်များမှမြို့နယ်ရဲတပ်ဖွဲ့မှူးများနှင့်တာဝန်ရှိသူများ စစ်ကိုင်းအမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း ကျောင်းအုပ်ကြီးနှင့်ဆရာ/မများနှင့် ပန်းချီ၊ကာတွန်း၊ပိုစတာပညာရှင်တို့မှ ခရိုင်အဆင့် အကဲဖြတ်အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက်ခဲ့ကြသည်ကိုသိရသည်။         

လူထုလှုပ်ရှားမှုအသွင်ဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်း အထူးစီမံချက်(ယင်းမာ)အား မုံရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

မုံရွာ   မေ(၃၀)

            လူထုလှုပ်ရှားမှုအသွင်ဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း အထူးစီမံချက်(ယင်းမာ)အား အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် မေလ(၂၉)ရက်နေ့ နံနက်ပိုင်းကရဲတပ်ဖွဲ့ဝင်များသည် ပုဂ္ဂလိကမော်တော်ယာဉ်များစနစ်တကျပြေးဆွဲရေးကော်မတီ(မုံရွာ)မှ အဖွဲ့ဝင်များနှင့်အတူ မုံရွာအဝေးပြေးကားဝင်းအတွင်းရှိ   ပြည်သူလူထူ (၂၂၀)ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း အသိပညာပေး လက်ကမ်း စာစောင်များအား အခမဲ့ဖြန့်ဝေခဲ့သည်။

            ထိုသို့ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ခရီးသွားပြည်သူများမှလည်း စိတ်ဝင်တစားလာရောက်ယူဆောင် ကြည့်ရှုကြကြောင်း သိရှိရပါသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား မော်လိုက်မြို့ စုံညီခန်းမ၌ ကျင်းပ

 

            ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ လ ၃ဝ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် မော်လိုက်မြို့ အခြေခံပညာအထက်တန်းကျောင်းရှိ စုံညီခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မော်လိုက်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဝင်းမင်းသိန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးကိုကိုဦး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် နိုင်ငံရေးပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

            အခမ်းအနား၌ မော်လိုက်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးဝင်းမင်းသိန်းမှ အဖွင့်အမှာစကား ပြောကြားသည်။ထို့နောက် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ ထောက်ပံ့လှူဒါန်းသည့် ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကရိယာများအား တာဝန်ရှိသူတို့မှ အသီးသီးပေးအပ်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဦးစိုးဝင်းမှ လက်ခံခဲ့ပြီး မြို့နယ်ပညာရေးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စီမံကိန်းတာဝန်ပေးအပ်ပွဲကျင်းပပြုလုပ်

 

          စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင် ၊ရွှေဘိုမြို့နယ်၏၂၀၁၅-၂၀၁၆ခုနှစ် ၊နှစ်စဉ်စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို(၂၉-၅-၂၀၁၅)ရက်နေ့ နံနက်(၁၀)နာရီအချိန်ကရွှေဘိုမြို့နယ်၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့ပြီးမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌဦးကျော်ခေါင်က အမှာစကားပြောကြားရာတွင် ၂၀၁၅-၂၀၁၆ခုနှစ်သည် ကာလတိုပထမငါးနှစ်စီမံကိန်း၏နောက်ဆုံးနှစ်ဖြစ်ပါကြောင်း၊အားနည်းသောလယ်ယာထုတ်လုပ်မှုကဏ္ဍ၊လျှပ်စစ်စွမ်းအားကဏ္ဍ၊ဆက်သွယ်ရေးကဏ္ဍများအနေဖြင့် လျာထားချက်ပြည့်မီရေး ဆောင်ရွက်ရန်နှင့်အားသားသောကဏ္ဍများကလည်း ဆက်လက်ကြိုးပမ်ဆောင်ရွက်ကြရန် မှာကြားပါသည်။

          ထို့နောက် ရွှေဘိုမြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်တိုးတိုးနိုင်ဦးက နှစ်စဉ်စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်းနှင့်ပတ်သတ်၍ အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြီး၊    မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌက မြို့နယ်အဆင့်ဌာနဆိုင်ရာများအားထုတ်လုပ်မှုကဏ္ဍ၊ဝန်ဆောင်မှုကဏ္ဍ၊စက်မှုကဏ္ဍ စသည့်ကဏ္ဍအလိုက်တာဝန်ပေးအပ်ခြင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်ချပ်ရေးမှူးများအား ၂၀၁၅-၂၀၁၆ခုနှစ်၊နှစ်စဉ်စီမံကိန်းတာဝန်များပေးအပ်ခဲ့ကြောင်းသိရှိရသည်။

Subcategories

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon