စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးတွင် (၄)ရက်အတွင်း လေပြင်းများတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းကြောင့် လူသေဆုံးခြင်းနှင့် လူနေအိမ်များ ပျက်စီး

            ဧပြီလ(၂၁)ရက်မှ (၂၄)ရက်နေ့အထိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကနီ၊ ဘုတလင်၊ မုံရွာ၊ အရာတော်၊ စစ်ကိုင်း၊ မြင်းမူ၊ ဒီပဲယင်း၊ ဝက်လက်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကလေး၊ နန်းယွန်း၊ ဖောင်းပြင်၊ ကသာ၊ ဝန်းသို၊ ပင်လည်ဘူး၊ အင်းတော်နှင့် ဗန်းမောက်မြို့နယ်များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းတို့ကြောင့် လူသေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ လူနေအိမ်များ အမိုးလန်ခြင်းနှင့် ပြိုလဲပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်(၁၈)ခုတွင် ဧပြီလ(၂၁)ရက်နေ့မှ (၂၄)ရက်အထိ (၄)ရက်အတွင်း လေပြင်းတိုက်ခတ်မှု၊ မိုးကြိုးပစ်မှုများကြောင့် မိုးကြိုးပစ်သဖြင့် (၄)ဦး၊ သစ်ပင်ပိသဖြင့်(၃)ဦးနှင့် လူနေအိမ်ပိသဖြင့် (၁)ဦး၊ စုစုပေါင်းလူ(၈)ဦးသေဆုံးခဲ့ကြောင်း၊ အမျိုးသား(၃၂)ဦး အမျိုးသမီး(၃ဝ)ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လူနေအိမ် (၉၇၄)လုံးပြိုလဲပျက်စီးပြီး အိမ်(၁၆၅၂)လုံး အမိုးလန် ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်

201604251

            ၂၀၁၆ ခုနှစ်၊ ဧပြီလ(၂၂/၂၃)ရက်နေ့များတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မိုးသီးများနှင့်အတူ မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် မြို့နယ်အချို့၌ ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ် တလိုင်းကျေးရွာ၊ ကျောင်းဖြူကျေးရွာ၊ မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာ၊ ဝက်လက်မြို့နယ် ရွှေညောင်တော်ကျေးရွာ၊ သပြေသာကျေးရွာ၊ ရေဦးမြို့နယ် မြင်းပေါက်ကျေးရွာ၊ သံသည်ကျေးရွာ၊ ဒီပဲယင်းမြို့နယ် မင်းဆွေနှစ်ကျေးရွာများသို့ သွားရောက်၍ လေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေးကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိသည်။

လေပြင်းများတိုက်ခတ်သဖြင့် အင်းတော်တွင် စာသင်ကျောင်းနှင့်လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုဖြစ်ပွား

            ၂၀၁၆ ခုနှစ်၊ ဧပြီလ(၂၄)ရက် နံနက်(၂)နာရီခန့်က မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ဂျုံးဂျုံးကျကျေးရွာကျေးလက်ဆေးပေးခန်းအတွင်းရှိ လူနေအိမ်(၁)လုံး၊ ကျေးရွာအတွင်းရှိ လူနေအိမ်(၁၂)လုံး၊ စပါးတိုက်(၂)ခု၊ မအူကုန်းကျေးရွာရှိ အမကကျောင်းအပါအဝင် လူနေအိမ်အလုံး(၂၀)ခန့်၊ သောင်မြင်ကျေးရွာရှိ အမကကျောင်း၊ လူနေအိမ်(၂)လုံး၊ စပါးတိုက်(၂)ခု၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတို့ အမိုးများလေလန်၍ ပျက်စီးခဲ့ကြောင်း သိရသည်။ အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသောကျေးရွာများသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရုံး မုံရွာမြို့တွင် ဖွင့်လှစ်

201603181

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသူများနှင့် ကုမ္ပဏီဖွဲ့စည်းတည်ထောင်လိုသူများအနေဖြင့် မိမိတို့ဆောင်ရွက်လိုသည်များကို လျင်မြန်လွယ်ကူစွာဖြင့် ဆောင်ရွက်နိုင်ရန်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံး ဖွင့်လှစ်ပွဲအခမ်းအနားကို မတ်လ(၁၄)ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့ ရုံးကြီးလမ်း၊ ရုံးကြီးရပ်ကွက်ရှိ ခရိုင်စီမံခန့်ခွဲမှုကော်မတီရုံးဝင်းအတွင်းရှိ အဆိုပါရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

            ရှေးဦးစွာ တိုင်းဒေသကြီးဦးစီးမှူးရုံးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်စီးပွားရေး ဝန်ကြီးဌာန၊ ဝန်ကြီးဦးစိန်မောင်းနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးတို့မှ ဖဲကြိုးဖြတ်၍လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက ရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍လည်းကောင်း ဖွင့်လှစ်ပေးကြသည်။

            ယင်းနောက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများ၊ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို မုံရွာမြို့ ဝင်းယူနတီဟိုတယ်ခန်းမတွင် ဆက်လက်ကျင်းပရာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးတို့က အမှာစကားများ အသီးသီးပြောကြားသည်။

            ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ပထမဦးဆုံး ကုမ္ပဏီမှတ်ပုံတင်သည့် Smooth Cover Company အား ဝန်ကြီးချုပ်ဦးသာအေးမှ ကုမ္ပဏီမှတ်ပုံတင် လက်မှတ်ချီးမြှင့်သည်။ ထို့နောက် အခမ်းအနားအစီအစဉ် ဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးမှ စစ်ကိုင်းတိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေအနေများနှင့် အလားအလာများအားလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်မှ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများအားလည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြရာ တက်ရောက်လာသော စီးပွားရေး လုပ်ငန်းရှင်များမှ သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အဆိုပါရုံး ဖွင့်လှစ်ခြင်းဖြင့် ကုမ္ပဏီဖွဲ့စည်းမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတင်းအချက်အလက်များ စုံစမ်းမေးမြန်းခြင်းတို့ကိုလည်းကောင်း၊ အနာဂတ်ကာလတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုလွှာတင်သွင်းခြင်း၊ စိစစ်ဆောင်ရွက်ခြင်း လုပ်ငန်းများအားလည်းကောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

မဟာဗောဓိတထောင် သာသနာ့နယ်မြေတွင် လေးကျွန်းစင်္ကြာထိုင်တော်မူရုပ်ပွားတော်ကြီး အလယ်ဌာပနာသွင်းလှူပူဇော်ပွဲနှင့် အလှူငွေပေးအပ်ပွဲ ကျင်းပ

201602241 201602242

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ခတ္တကန်တောင်ကျေးရွာ ဗောဓိတထောင်သာသနာ့နယ်မြေ ဗန္ဓဝတောင် ကုန်းတော်တွင်  လေးကျွန်းစင်္ကြာထိုင်တော်မူရုပ်ပွားတော်ကြီး အလယ်ဌာပနာသွင်းလှူပွဲနှင့် ရုပ်ပွားတော်ကြီးတည်ဆောက်ရေးအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၂၂)ရက်နေ့ နံနက်(၈)နာရီက လေးကျွန်းစင်္ကြာထိုင်တော်မူရုပ်ပွားတော်ကြီးတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

            အခမ်းအနားတွင် ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆိုကာ ဖွင့်လှစ်ပြီး မင်္ဂလာအချိန်တွင် အလယ်ဌာပနာသွင်းလှူပူဇော်ကြပြီး ဗောဓိတထောင် သာသနာ့နယ်မြေရှိ ဒေါ်သီ ဗိမာန်တော်ကြီးတွင် မုံရွာမြို့၊ အုတ်ကန်တောရ ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဘန္ဒန္တ နန္ဒောဘာသထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လေးကျွန်းစင်္ကြာ ထိုင်တော်မူရုပ်ပွားတော်ကြီး တည်ထားကိုးကွယ်ရေးအတွက် အလှူရှင်များက လှူဒါန်းသော အလှူငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပြန်လည်ပေးအပ်ကြသည်။

            ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ပြင်ဦးလွင်မြို့၊ ကံ့ကော်တစ်ထောင်လေးဆူရှင်ဆရာတော် ဘုရားကြီး ဘန္ဒန္တ အဂ္ဂဝံသထံမှ အနုမောဒနာတရားနာယူကြပြီး ရေစက်သွန်းချအမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ ရုပ်သိမ်းလိုက်သည်။

            အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် အလှူရှင်များက ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်ဆရာကြီးများကို လှူဖွယ်ပစ္စည်းများ လောင်းလှူကြကြောင်း သိရသည်။

အမျိုးသားကာကွယ်ဆေးတိုက်နေ့များ (၂ဝ၁၆)ဖွင့်ပွဲအခမ်းအနား မုံရွာတွင် ကျင်းပ

201602231 201602232

            အမျိုးသားကာကွယ်ဆေးတိုက်နေ့များ (၂ဝ၁၆)ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၂ဝ)ရက်နေ့ နေ့လယ်(၁) နာရီက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

            ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက အမှာစကားပြောကြားရာတွင် “၂ဝ၁၆ ခုနှစ် အမျိုးသားကာကွယ်ဆေးတိုက်ကျွေးနေ့များတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း(၃၇)မြို့နယ်ရှိ ကလေးငယ်ပေါင်း (၄ဒသမ၃)သိန်းကျော်ကို အဆိုပါနေ့များတွင် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် (၁၉၉၆)ခုနှစ်မှ (၂ဝ၁၅)ခုနှစ်ဒီဇင်ဘာလအထိ ဒေသအလိုက် ကာကွယ်ဆေးတိုက်နေ့များကို (၆)ကြိမ်၊ အမျိုးသားကာကွယ်ဆေးတိုက်နေ့များကို (၁၁)ကြိမ်နဲ့ အိမ်တိုင်ရာရောက်ကောက်သင်းကောက် ကာကွယ်ဆေးတိုက်လုပ်ငန်း (၁၂)ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပိုလီယိုရောဂါကူးစက်မှု အမြန်ဆုံးဖြတ်တောက်နိုင်ဖို့အတွက် ကလေးများတွင် ပိုလီယိုရောဂါခုခံစွမ်းအား မြင့်မားစေဖို့အတွက် ယခုနှစ်ဇန်နဝါရီလ (၂၃)ရက်နေ့မှ (၂၅)ရက်နေ့အထိ ဒေသအလိုက် ကာကွယ်ဆေးတိုက်နေ့များအဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လေရှီး၊ လဟယ်၊ နန်းယွန်းနဲ့ တမူးမြို့နယ်များမှ (၅)နှစ်အောက်ကလေးငယ်(၃ဝဝ၈၄)ဦးတို့ကို တိုက်ကျွေးခဲ့ပါကြောင်း၊ (၂ဝ၁၆)ခုနှစ် အမျိုးသားကာကွယ်ဆေးကို မြန်မာနိုင်ငံတစ်ဝှမ်း မြို့နယ်ပေါင်း(၃၃ဝ)ရှိ (၅)နှစ်အောက် ကလေးငယ် (၄ဒသမ၆)သန်းကို ပိုလီယိုကာကွယ်ဆေးတိုက်ကျွေးမည်ဖြစ်ကြောင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း (၃၇)မြို့နယ်မှ ကလေးငယ်ပေါင်း (၄ဒသမ၃)သိန်းကျော်ကို တိုက်ကျွေးသွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

            အဆိုပါ အမျိုးသားကာကွယ်ဆေးတိုက်နေ့များ (၂ဝ၁၆)ဖွင့်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဘိုသန်းညွန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး ရေဦးမြို့နယ် တောင်ပြင်ငယ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း အဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲ တက်ရောက်အားပေး

Slide43

Slide33

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးသာအေးနှင့် တာဝန်ရှိသူများ သည် ဇန်နဝါရီလ (၂၃)ရက်၊ နံနက်ပိုင်းတွင် ရွှေဘိုခရိုင်၊ ရေဦးမြို့နယ် သို့ရောက်ရှိကြပြီး အောင်သုခ ကျေးရွာ ဒေခံပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ ကျောင်းသုံး ဗလာ စာအုပ်များ၊ အားကစား ပစ္စည်းများ၊ ဂျာနယ်စာစောင်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပလူဇဝ ကျေးရွာ တိုက်နယ် ပြည်သူ့ဆေးရုံ အဆောက်အဦသစ်နှင့် ဝန်ထမ်းနေအိမ်များ ဆောက်လုပ် နေမှုတို့အား လှည့်လည်ကြည့်ရူ့ စစ်ဆေးပြီး ကျေးရွာပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ ကျေးရွာ၏ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများသည် တောင်ပြင်ငယ်ကျေးရွာသို့ရောက်ရှိကြပြီး အခြေခံပညာ အလယ်တန်း ကျောင်းခွဲမှ အလယ်တန်းကျောင်း အဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ကျောင်းအဆင့် တိုးမြှင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီး လူမူရေး ဝန်ကြီး ဒေါတ်တာမြင့်သိန်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညိုဝင်း၊ တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူး ဦးသိန်းမြင့်၊ ကျောင်းအကျိုးတော်ဆောင် ဥက္ကဌ ဦးပေါငြိမ်းတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက အခြေခံပညာ အလယ်တန်းကျောင်း ဆိုင်းဘုတ်အား စက်ခလုတ်နှိတ် ဖွင့်လှစ်ပေးပြီး ကျောင်းကော်မတီ ဝင်များနှင့် စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကြသည်။၂

ဆက်လက်၍ အဆိုပါ တောင်ပြင်ငယ်ကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းဝင်းအတွင်း အသစ်ထပ်မံ ဆောက်လုပ်မည့် (၂)ထပ်ကျောင်းဆောင်သစ် ပနက်တင် မင်္ဂလာ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများက ပန္ဒက်တင်မင်္ဂလာ ပြုလုပ်ပေးကြပြီး အမွှေးနံ့သာရေများ ပတ်ဖျန်း ပေးကြသည်။

ယင်းနောက် ဒုတိယပိုင်း အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးက အမှာစကား ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီးက တောင်ပြင်ငယ် ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းသမိုင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများထံ အလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲ အထိမ်းအမှတ် အလံများအား အသီးသီး ပေးအပ်သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် တာဝန်ရှိသူများက ကျောင်းအတွက်  ရုပ်မြင်သံကြားဖမ်းစက်နှင့်  ကျောင်းသုံး  ဗလာစာအုပ်များ၊    အားကစား ပစ္စည်းများ၊ ဂျာနယ်စာစောင်များ ထောက်ပံ့ပေးအပ်ကာ ကျောင်းအကျိုး တော်ဆောင် ဦးသာဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေးနှင့် အဖွဲ့ဝင်များ သည်မွန်းလွှဲပိုင်းတွင် ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်သို့ ရောက်ရှိကြပြီး ဝင်မနားကျေးရွာ တိုက်နယ် ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော လူနာများအား ကြည့်ရူ့ အားပေးကာ ခွဲစိတ်ခန်း၊ ဆေးသိုလှောင်ခန်းတို့အား ကြည့်ရူ့ စစ်ဆေးပြီး လိုအပ် သည်များ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

Subcategories

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇