ကျန်းမာရေးကဏ္ဍ

ကျေးလက်နေကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ၏ ကျန်းမာရေးကြိုတင်ကာကွယ်မှုပေးနိုင်ရေးအတွက် (Kit)ပုံးများပေးအပ်

AyarTaw150709-1

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့တွင် ကျေးလက်နေကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ၏ ကျန်းမာရေးကြိုတင်ကာကွယ်မှုပေးနိုင်ရေးအတွက် ဇူလိုင်(၅)ရက် နံနက်(၉)နာရီအချိန်က အရံသားဖွားသင်တန်းဆင်းအောင်လက်မှတ်နှင့် (Kit)ပုံးများ ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်ကျန်းမာရေးဦးစီးဌာန ဆာဆာကာဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

            အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောဦးထွန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးအကျိုးတော်ဆောင်အဖွဲ့များ၊ ဆရာ/ဆရာမများ တက်ရောက်ကြသည်။ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌမှ အမှာစကားပြောကြား၍ မြို့နယ်ဆရာဝန်ကြီးမှ သင်တန်းဖွင့်လှစ် သင်ကြားပို့ချရခြင်းမှာ မြို့ပြနေ ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သကဲ့သို့ ကျေးလက်နေပြည်သူလူထုအတွက်လည်း ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် စာတွေ့လက်တွေ့(၆)လကြာ သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းဆင်းပြီး မိမိကျေးရွာသို့ ရောက်ရှိသည့်အခါ သင်ကြားလာသည့်ပညာရပ်များဖြင့် ကျေးလက်နေ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ၏ကျန်းမာရေး ကာကွယ်စောင့်ရှောက်ပေးကြရန် မှာကြားသည်။

            ယင်းနောက် သင်တန်းကာလ(၆)လကို မခိုမကပ် ဇွဲလုံ့လဖြင့် မှတ်ယူသင်ကြားခဲ့သော အရံသားဖွားဆရာမ(၄၅)ဦးအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစောဦးထွန်းမှ သင်တန်းဆင်းလက်မှတ်ပေးအပ်ပြီး မြို့နယ်ရဲမှူးဦးခင်မောင်ထွန်းမှ (Kit)ပုံးများပေးအပ်ရာ သင်တန်းသူများမှ လက်ခံရယူပြီး ထူးချွန်ထက်မြက်သည့် သင်တန်းသူအား ကျေးလက်ကျန်းမာရေးမှူးမှ ဆုများချီးမြှင့်ပေး၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အရာတော်ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးများပြုလုပ်

AyarTaw150709

            စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်းရှိ ကျန်းမာရေးဌာန ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ဇူလိုင်လ(၆)ရက် နံနက်(၇)နာရီအချိန်က မြို့နယ်စိမ်းလန်းမြေအဖွဲ့ဝင်များနှင့် လေ့ကျင့်ရေး(၁၀)တပ်ရင်းမှ တပ်ရင်းမှူး၊ တပ်ဖွဲ့စစ်သည်များ၊ ပြည်သူ့ရဲတပ်ဖွဲ့ရဲဘော်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ဌာနဝန်ထမ်းများ စုပေါင်းပြီး သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မြင်းမူမြို့၌ ဆောင်ရွက်

u4

မြင်းမူ   ဇွန်(၂၃)

စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များသည် ဇွန်လ(၂၃)ရက်က အသောကရပ်ကွက် အတွင်းရှိ နေအိမ်များသို့ သွားရောက်ပြီး သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်သင်းသင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများသည် လူနေအိမ်များရှိ ရေတွင်း၊ ရေကန်များအတွင်းသို့ အဘိတ်ဆေးမှုန့်များ ဆေးခတ်ပေး ခဲ့ကြပြီး ဘုရားပန်းအိုး၊ ရေအိုးနှင့် ရေကန်များကို ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

u5

ဆက်လက်ပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်သင်းသင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များသည် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့်အတူ အသောကရပ်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးငယ်များအား ကိုယ်အလေးချိန် ပေါင်ချိန်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး ကလေးငယ်များအား အာဟာရများ တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် (Unicef) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် လူထုဦးဆောင်သော အလုံးစုံပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းစီမံချက်၊ လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲနှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲအခမ်းအနား ကျင်းပ

cu1  cu2

 

မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းနှင့် (Unicef)အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် လူထုဦးဆောင်သော အလုံးစုံပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းစီမံချက်၊ လုပ်ငန်းဆန်းစစ်ဆွေးနွေးပွဲနှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲ အခမ်းအနားကို ချောင်းဦးမြို့ အနော်ရထာခန်းမ၌ ဇွန်လ (၂၀)ရက်၊ နံနက် (၁၀)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်း၊ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာတင့်ဆွေ တို့မှ အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံကျန်းမာရေးမှူး အသင်း ဗဟိုအလုပ်မှုဆောင်ကော်မတီ ဘဏ္ဍာရေးမှူး ဦးသန်းမြင့်မှ စီမံချက်အပေါ်သုံးသပ်တင်ပြခြင်းနှင့် ပိုမိုကောင်းမွန်သောနည်းဗျူဟာများ ရရှိလာစေရန် အကြံပြုဆွေးနွေးသည်။ ထို့နောက် အဖွဲ့ခေါင်းဆောင် ဒေါ်ခင်မိုလ်းဝေမှ စီမံချက်ကာလ (၉)လအတွင်း အသင်း၏လုပ်ဆောင်ခဲ့ပုံများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

          ဆက်လက်ပြီး ချောင်းဦးမြို့နယ် အမြင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝိတ်၊ ဆူးလေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမျိုးနိုင်၊ ရွှေဒါးကျကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းတို့မှ မိမိတို့ကျေးရွာ၏ အောင်မြင်မှု ရရှိခဲ့ပုံများအား ရှင်းလင်းပြောပြကြားပြီး၊ စီမံချက်ကာလသက်တမ်းတိုး (၃)လအတွင်း အောင်မြင်ခဲ့သော ကျေးရွာ(၂၅)ရွာမှ အုပ်ချုပ်ရေးမှူးများအား ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဘဏ္ဍာရေးမှူး ဦးသန်းမြင့်တို့မှ ဂုဏ်ပြုလွှာများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မုံရွာပြည်သူ့ဆေးရုံကြီးသို့ အဖေနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

j7

မုံရွာ  ဇွန် ၁၅

            မုံရွာမြို့ ဘုန်းစိုးရပ်ကွက်တွင် တည်ထောင်ထားသော အမေနေ့သွေးလှူရှင်အသင်းမှ ဦးစီးပြီး ဇွန်လ(၁၄)ရက်နေ့တွင်ကျရောက်သော အဖေများနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ (၁၄)ရက် နေ့နံနက်(၉)နာရီမုံရွာပြည်သူ့ဆေးရုံကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

            စုပေါင်းသွေးလှူဒါန်းခြင်းနှင့်ပတ်သက်ပြီး ကျွန်တော်တို့အမေနေ့သွေးလှူရှင်အသင်းမှာ အသင်းသူ အသင်းသား (၈၀၀)ကျော်ရှိတယ်၊ အသင်းစထောင်တုံးကတော့ မုံရွာမြို့မှာ သွေးလှူရှင်အသင်းတွေ သိပ် မရှိတော့ ခဏခဏ စုပေါင်းလှူဖြစ်တယ်၊ အခုနောက်ပိုင်း အသင်းတွေများလာတော့ အမေများနေ့ နဲ့ အဖေများနေ့တွေမှာပဲ စုပေါင်းလှူဒါန်းဖြစ်တယ်၊ အရေးပေါ်လိုအပ်လို့ သွေးလိုချင်ရင်တော့ အချိန်မရွေး လှူပါတယ်၊ အဓိကတော့ မုံရွာပြည်သူ့ဆေးရုံကြီးမှာ နေ့စဉ်သွေးပုလင်း (၃၀)ကနေ(၅၀)ကျော် လိုအပ်လျက်ရှိပါတယ်၊ အဲဒိလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးတာပါ၊ အမှန်တကယ်သွေးလိုအပ်တဲ့ လူနာ တွေလွယ်လင့်တကူ အသုံးပြုနိုင်ဖို့အတွက် အခုလိုလှူဒါန်းတာပါဟု အမေနေ့သွေးလှူရှင်အသင်းဥက္ကဌ ဦးကျော်စိန်ကပြောသည်။

            အဖေများနေ့အထိမ်းအမှတ်စုပေါင်း သွေးလှူဒါန်းပွဲသို့ မုံရွာမြို့နယ်အတွင်းရှိ ခိုသန်း၊ ကံပြား၊ မင်္ဂလာကုန်း၊ ဇလုပ်ကျေးရွာနှင့် မုံရွာမြို့ပေါ်ရပ်ကွက်များမှ အမေနေ့သွေးလှူရှင် အသင်းမှ အသင်းသား အသင်းသူ (၁၀၀)ကျော်တို့မှ မုံရွာပြည်သူ့ဆေးရုံကြီးသို့ စုပေါင်းသွေးလှူဒါန်းပေးခဲကြောင်း သိရသည်။

Subcategories

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇