ယင်းမာပင်၊ ဇွန် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ရေဝန်းကျောင်းတိုက် သံဃာ့နာယကဥက္ကဌဆရာတော်ဦးအာဒိစ္စ အမှူးပြုသော မဘသ ဆရာတော်ကြီးများ ၁၉ပါး၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဗိုလ်မြင့်၊ ယင်းမာပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးညွန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင့်နှင့် ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများရှေ့မှောက်တွင်မည်သူတစ်ဦးတစ်ယောက်၏ သွေးဆောင်ဖျားယောင်းခြင်း ခြိမ်းခြောက်ခြင်းတို့ကြောင့်မဟုတ်ဘဲ အစ္စလာမ်ဘာသာနှင့် ခရစ်ယာန်ဘာသာတို့မှ မိမိတို့ဆန္ဒသဘောအလျှောက် ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းပွဲကြီးကို ပထမအကြိမ်အဖြစ် (က၊ခ)ရပ်ကွက်တို့မှ အစ္စလာမ်ဘာသာဝင် ၇၁ ဦးနှင့် ခရစ်ယာန်ဘာသာဝင် နှစ်ဦး တို့သည် ဇွန်၁၈ ရက်၊နံနက်၉နာရီကယင်းမာပင်မြို့ရွှေစေတီဘုရားဝန်း အတွင်းရှိခဏ္ဍသိမ်တော်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာအခမ်းအနားကို ဆရာတော်ကြီးများနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ (၃)ကြိမ်ဘုရားကန့်တော့ရွတ်ဆိုကာ ဖွင့်လှစ်ပေးကြသည်။ဆက်လက်ပြီး မြို့နယ်သံဃနာယကဥက္ကဌ ဆရာတော်ဦးအာဒိစ္စက တက်ရောက်လာသူများအား ငါးပါးသီလချီးမြှင့်ပေးပြီး ဩဝါဒ ကထာမြွတ်ကြားခဲ့သည်။
ထို့နောက် ဗုဒ္ဓဘာသာ မျိုးစောင့်ဥပဒေ ပြဌာန်းချက်အရ ဂတိသစ္စာဝန်ခံချက်ကို မြို့နယ် ဥပတ္ထမ္ဘကအဖွဲ့ ဒု-ဥက္ကဌ ဦးတင်အောင်စိုးမှ ဖတ်ကြားပြီး မိမိတို့ဆန္ဒသဘောအလျှောက် မိမိသက်ဝင်ယုံကြည်သော ဗုဒ္ဓဘာသာသို့ကူးပြောင်းသူများစာရင်းကိုကြေငြာပေးခဲ့သည်။
ယင်းနောက် ဗုဒ္ဓဘာသာမျိုးစောင့်ဥပဒေပြဌာန်းချက်အရ ဂတိသစ္စာဝန်ခံချက်ကို အစ္စလာမ်ဘာသာ၊ခရစ်ယာန်ဘာသာတို့မှ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ မိမိတို့သဘောဆန္ဒဖြင့် မြို့နယ်သံဃ နာယက ဥက္ကဌ ဆရာတော်ကြီးနှင့် မဘသဆရာတော်ကြီးများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊မဘသဒု-ဥက္ကဌ၊ ခရိုင်/မြို့နယ်သာသနာရေးမှူး၊ဖိတ်ကြားထားသောဧည့်သည်တော်များရှေ့မှောက်တွင် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ဆက်လက်ပြီး ယင်းမာပင်မြို့နယ် မဟာဇောတိကာရာမကျောင်းတိုက် မြို့နယ်သံဃ နာယက အတွင်းရေးမှူး ဆရာတော် ဦးရေဝဒက ဗုဒ္ဓဘာသာဝင်သို့ကူးပြောင်းလာသော အစ္စလာမ်ဘာသာဝင် ၇၁ ဦးနှင့် ခရစ်ယာန်ဘာသာဝင် နှစ်ဦး စုစုပေါင်း ၇၃ ဦးတို့အား သရဏဂုဏ် (၃)ပါးဆောက်တည်ပေးပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကိုရုတ်သိမ်းလိုက်ကြောင်းသိရသည်။
ထို့နောက် ယင်းမာပင်မြို့နယ် စားတော်ပြင်ကျေးရွာပြည်သူလူထုကိုယ်စား ဦးအောင်စိုးက မြို့နယ် ဥပတ္ထမ္ဘကအဖွဲ့ ဒု-ဥက္ကဌ ဦးတင်အောင်စိုးထံသို့ နွားဇီဝိတဒါနအဖြစ် အလှူတော်ငွေကျပ် ၅၄၀၀ဝ ကျပ်ကို လည်းကောင်း၊ တက်ရောက်လာကြသည့်တာဝန်ရှိသူများမှ အလှူတော်ငွေကျပ် ၃၀၀၀ဝ ကိုလည်းကောင်း စုစုပေါင်းငွေကျပ် ၈၄၀၀ဝ ကိုအသီးသီးပေးအပ်လှူဒါန်းခဲ့ပြီး ဆရာတော်ကြီး ၁၉ ပါးနှင့် အတူ တာဝန်ရှိသူများပါမကျန် ဗုဒ္ဓဘာသာဝင်သို့ ကူပြောင်းလာသူ ၇ဝ ဦးတို့က အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ယင်းမာပင်မြို့ပေါ် (၄)ရပ်ကွက်မှ လူဦးရေ ၄၄၁၃ ဦးနှင့် ကျေးရွာအုပ်စု ၄၂ အုပ်စုတွင် လူဦးရေ ၁၄၂၈၂၅ ဦး ရှိရာတွင် ဗုဒ္ဓဘာသာဝင် ၁၄၆၇၅၈ ဦး၊ အစ္စလာမ်ဘာသာဝင် ၄၇ဝ ဦး၊ ခရစ်ယာန်ဘာသာဝင် ၁ဝ ဦး၊ စုစုပေါင်းလူဦးရေ ၁၄၇၂၃၈ ဦး နေထိုင်လျက်ရှိသည်။ ယခုအခါ အစ္စလာမ်ဘာသာဝင် ကျား ၂၉ဦး၊ မ ၄၂ဦးနှင့် ခရစ်ယာန်ဘာသာဝင် ကျား ၁ ဦး၊ မ ၁ ဦး စုစုပေါင်း လူဦးရေ ၇၃ဦးသည် ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ပထမအကြိမ်ကူးပြောင်းလာခြင်းဖြစ်ကြောင်း မြို့နယ်သာသနာရေးမှူးက ပြောကြားသည်။ ဆက်လက်ပြီး ဒုတိယအကြိမ်အဖြစ် အခြားဘာသာများမှ ဗုဒ္ဓဘာသာဝင်အဖြစ်သို့ ကူးပြောင်းလာရန်ရှိကြောင်းအခမ်းအနားသို့ တက်ရောက်သူတစ်ဦးထံမှ သိရသည်။
မုံရွာ ဇွန် (၁၆)
စစ်ကိုင်းတိုင်းဒေသလုံးဆိုင်ရာ ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဓမ္မစကူးလ်ဦးဆောင် ဆရာတော်များ စုံညီအစည်းအဝေးကို ဇွန်လ(၁၆)ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ရန်ကင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဓမ္မစကူးလ်ဦးဆောင်ဆရာတော်များ မျက်နှာစုံညီ အစည်းအဝေးကျင်းပရခြင်းနှင့် ပတ်သက်ပြီး `` ဓမ္မစကူးလ်ဖောင်ဒေးရှင်း တည်ထောင်လာတာ (၃)နှစ်ရှိသွားပါပြီ ဘုန်းကြီးတို့ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာတော့ ဓမ္မစကူးလ်သင်တန်းတွေဖွင့်လှစ်တာ (၁)နှစ်ခွဲတာကာလပဲရှိသေးတယ်၊ သက်တမ်းနုတယ်ဆိုပေမဲ့ အခြားတိုင်းတွေနဲ့စာရင်တော့ အခုအချိန်မှာ သင်တန်းကျောင်းဖွင့်လှစ်နိုင်မှု အများဆုံးဖြစ်နေပါပြီ၊ ဒီလိုအောင်မြင်စွာဖွင့်လှစ်နိုင်တာကလည်း ဘုန်းကြီးတို့နှင့်အတူ ဒေသဆိုင်ရာ တာဝန်ရှိသူတွေ၊ ဒါယကာတွေ၊ ဒါယိကာမတွေ ပူးပေါင်းပါဝင်လို့ အောင်မြင်တာပါ၊ ဓမ္မစကူးလ်သင်တန်းတွေ ရေရှည်တည်တံ့စွာ ဖွင့်လှစ်နိုင်ဖို့ ဆက်လက် လုပ်ဆောင်လျက်ရှိပါတယ်´´ဟု ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဗဟိုနာယက ဆရာတော် ရန်ကင်း ကျောင်းတိုက် ဦးစီးပဓါနနာယက ဆရာတော် ဒွိပိဋကဒွိပိဋက ကောဝိဒ အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တပညာဝံသက မိန့်ကြားသည်။
ရှေးဦးစွာ အစည်းအဝေးကို နမောတဿ (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ဦးစီးပဓာန၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဗဟို နာယကဆရာတော် ဘဒ္ဒန္တပညာဝံသမှ အဖွင့်ဩဝါဒစကား မိန့်ကြားသည်။
ယင်းနောက် ဓမ္မစကူးလ်ဖောင်ဒေးရှင်း အတွင်းရေးမှူး(၁) ဆရာတော် ဒေါက်တာအရှင်ဉာဏဝံသမှ ဓမ္မစကူးလ် ဖောင်ဒေးရှင်းနှင့် ပတ်သက်သော အကြောင်း အရာများနှင့် အစည်းအဝေး ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းလျှောက်ထားပြီး ကလေးမြို့နယ် နေသာကျောင်းတိုက်ဦးစီးပဓာန၊ မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ဦးဆောင် ဆရာတော် ဘဒ္ဒန္တဓမ္မိကမှ ဓမ္မစကူးလ်များ ဖွင့်လှစ် သင်ကြားရခြင်း၏ အကျိုးကျေးဇူးများနှင့် စပ်လျဉ်း၍ ရှင်းလင်းမိန့်ကြားသည်။
ဆက်လက်ပြီး တိုုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီး ဦးတင်ဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်ထံ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ် ရွတ်ဆိုဆုတောင်းကာ ရုပ်သိမ်းခဲ့သည်။
အဆိုပါ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ဦးစီးပဓာန ဓမ္မစကူးလ်ဖောင်ဒေးရှင်း ဗဟို နာယကဆရာတော် ဘဒ္ဒန္တပညာဝံသနှင့် ဆရာတော် သံဃာတော်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးတင်ဝင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ ကြောင်းသိရှိရသည်။
မုံရွာ ဇွန် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး ကျင်းပသော ၂၀၁၅ ခုနှစ် ဇွန်လ(၈)ရက်နေ့ နံနက်(၈)နာရီ(၄၅)မိနစ်က ၂၀၁၅ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်၊ သီလရှင်ဆရာကြီးများအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ ဂုဏပူဇာမဟာမင်္ဂလာ အခမ်းအနားကို ကျင်းပရာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်များ၊ သီလရှင်ဆရာကြီးများ ပင့်သံဃာတော်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးနှင့် ဇနီးဒေါ်ဝေဝေခိုင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဘုရားကန်တော့ကာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဌ ဓမ္မပါရဂူပါဠိတက္ကသိုလ် ကျောင်းတိုက်ပဓါနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တ အရိယာလင်္ကာရ မဟာထေရ်မြတ်ထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ကြကာ ဘဏ္ဍာရေးဝန်ကြီးဦးတင်ဝင်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့်တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်ရ ဆရာတော်၊ သီလရှင်ဆရာကြီးများကို ဘွဲ့တံဆိပ်တော်များနှင့်လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။
အခမ်းအနားအပြီးတွင် သာသနာဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်၊ သီလရှင်ဆရာကြီးများနှင့် ပင့်သံဃာတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့်ဧည့်ပရိတ် သတ်များက ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူခဲ့သည်။
ယနေ့ကျင်းပသော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲတွင် အဘိဓဇမဟာ ရဌဂုရုဘွဲတံဆိပ်တော်ရ ဆရာတော်(၁)ပါး၊ အဂ္ဂမဟာဂဏ္ဍဝါစကပဏ္ဍိတဘွဲတံဆိပ်တော်ရ ဆရာတော် (၂) ပါး၊ မဟာဂဏ္ဍဝါစကပဏ္ဍိတဘွဲတံဆိပ်တော်ရ ဆရာတော်(၃)ပါး၊ ဂဏ္ဍဝါစကပဏ္ဍိဘွဲတံဆိပ်တော်ရ ဆရာ တော်(၃)ပါး၊ အဂ္ဂမဟာသဒ္ဒမဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော် (၂)ပါး၊ မဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်(၂)ပါး၊ သဒ္ဒမဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်(၂)ပါး၊ ကမ္မဌာနာ စရိယဘွဲ့တံဆိပ်တော်ရ ဆရာတော် (၁)ပါး၊ စုစုပေါင်းဆရာတော် (၁၆)ပါး၊ အဂ္ဂမဟာဂဏ္ဍဝါစကပဏ္ဍိတ ဘွဲတံဆိပ်တော်ရ သီလရှင် ဆရာကြီး (၁)ပါး၊ မဟာသဒ္ဒမဇောတိကဓဇဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး (၁)ပါး၊ မဟာဂဏ္ဍဝါစက ပဏ္ဍိတဘွဲတံဆိပ်တော်ရ သီလရှင်ဆရာကြီး(၁)ပါး၊ဂဏ္ဍဝါစကပဏ္ဍိတဘွဲတံဆိပ်တော်ရ သီလရှင်ဆရာကြီး(၂)ပါး စုစုပေါင်း (၅)ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။