စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် မူလတန်း ဆရာအတတ်ပညာ သင်တန်းအမှတ်စဉ်(၇/၂၀၂၀)သင်တန်းဆင်းပွဲနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံအသက်(၁၇)နှစ်အောက်အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာပညာရေးဒီဂရီကောလိပ် မူလတန်းဆရာအတတ်ပညာ သင်တန်းအမှတ်စဉ် (၇/၂၀၂၀)သင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ(၄)ရက်၊ နံနက် (၉)နာရီ အချိန်တွင် မုံရွာပညာရေး ဒီဂရီကောလိပ်ကျောင်းဝန်းအတွင်းရှိ ပဌ္စဗလဘက်စုံခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာနှင့် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ သင်တန်းဆင်းကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အနေဖြင့် အခြေခံ ပညာကျောင်းများမှာ ဆရာ၊ကျောင်းသားအချိုး ကောင်းမွန်တိုးတက်ရေးနှင့် ဆရာ၊ဆရာမများရဲ့ သင်ကြားမှုအရည်အသွေး ပြည့်ဝစေရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် အရည်အသွေးပြည့်ဝတဲ့ ဆရာတစ်ဦးဖြစ်ဖို့အတွက် ဆရာအတက် ပညာဆိုင်ရာ အသိပညာ၊ အတက်ပညာများရရှိဖို့နှင့် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို သိရှိနားလည်စေရန် နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ သင်ရိုးသစ်များကို ထိရောက်စွာ အကောင်အထည်ဖော် သင်ကြားလေ့ကျင့်ပေးနိုင်ရန် အလွန်အရေးကြီးပါကြောင်း၊ ဆရာ၊ဆရာမများအဖြစ် တာဝန်ထမ်းဆောင်တဲ့အခါ ကလေးများကိုပြုစုပျိုးထောင်ပေးရုံ သာမက ရပ်ရွာလူထုကိုပါ အသိပညာပေး ဦးဆောင်နိုင်စွမ်း ရှိရမှာဖြစ်ပါကြောင်း၊ နိုင်ငံတော် တည်ဆောက်ရေးမှာ စိတ်ဓာတ်ကောင်းမွန်ပြီး၊ စည်းကမ်းလိုက်နာတဲ့ အသိပညာ၊ အတတ်ပညာ များပြည့်ဝတဲ့ နိုင်ငံသားကောင်းများ မွေးထုတ်ပေးနိုင်ရန် မိမိတို့ဆရာ၊ဆရာမများရဲ့ အခန်း ကဏ္ဍမှာလည်း အလွန်အရေးကြီးပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် မုံရွာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆင်းအမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မူလတန်းဆရာအတတ် ပညာ သင်တန်းအမှတ်စဉ် (၇/၂၀၂၀)သင်တန်းဆင်း လက်မှတ်များအား သင်တန်းသား၊ သင်တန်းသူများထံ ပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက် လံနုတ်ဆက် အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ မုံရွာပညာရေးဒီဂရီကောလိပ် မူလတန်းဆရာအတတ်ပညာ သင်တန်းအမှတ်စဉ် (၇/၂၀၂၀)သင်တန်းဆင်းပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ သင်တန်းသား(၄၇)ဦး၊ သင်တန်းသူ (၉၀)ဦး စုစုပေါင်း (၁၃၇)ဦး၊ ချင်းပြည်နယ်မှ သင်တန်းသား(၃) ဦး၊ သင်တန်းသူ (၁၉)ဦး စုစုပေါင်း (၂၂)ဦးတို့အား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပြီး အလားတူ သင်တန်းဆင်းပွဲများကို စစ်ကိုင်းပညာရေးဒီဂရီကောလိပ်တွင် သင်တန်းသား၊ သင်တန်းသူ (၅၁)ဦး၊ ကသာပညာရေးဒီဂရီကောလိပ်တွင် သင်တန်းသား၊ သင်တန်းသူ (၂၈)ဦး တိုင်းဒေသကြီးတစ်ခုလုံးအနေဖြင့် သင်တန်းသား၊ သင်တန်းသူ (၂၃၈)ဦး သင်တန်းဆင်းခဲ့ကာ ၎င်းတို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်(၇၁၄၀၀၀၀- ခုနှစ်ဆယ့်တစ်သိန်းလေးသောင်း)ကျပ်အား ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မတ်လ (၃)ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပသော ၂၀၂၂-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံး ပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲ စဉ်အဖြစ် ခန္တီးခရိုင်ဘောလုံးအသင်းနှင့် ကသာခရိုင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးကာ ခန္တီးခရိုင်အသင်းမှ ကသာခရိုင်အသင်းအား (၁)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ သွားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပထဆုရရှိသော ခန္တီးခရိုင်အသင်းအား ဆုငွေကျပ်(၁၀)သိန်းနှင့် တံခွန် စိုက်ဆုအား ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက ပထမဆုရရှိသော ခန္တီးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက ဒုတိယဆု ရရှိသော ကသာခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်တို့က ပူးတွဲတတိယဆုရရှိသော မုံရွာခရိုင်အသင်းနှင့် ရွှေဘိုခရိုင်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများအား လည်းကောင်း၊ တိုင်းဒေသ ကြီးဥပဒေချုပ် ဒေါ်လှလှဝင်းက အသန့်ရှင်းဆုံးဆုရရှိသော ကန့်ဘလူခရိုင် အသင်းအား ဆုတံ ဆိပ်နှင့်ငွေသားဆုများအား လည်းကောင်း၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးတို့က နေရာအလိုက်အကောင်းဆုံး အားကစားသမားများအား ဆုတံဆိပ်နှင့်ငွေသားဆုများအား လည်းကောင်းအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ဆုရရှိ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဆုချီးမြှင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။