စစ်ကိုင်းတိုင်းဒေသကြီး၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ကျောင်းသား၊ကျောင်းသူများ၏ နဝမအကြိမ် ပရောဂျက်ပြပွဲ အခမ်းအနားကို ဩဂုတ်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ယနေ့ကျင်းပပြုလုပ်သည့် ပရော ဂျက်ပြပွဲသည် ကျောင်းသား၊ကျောင်းသူများအတွက် မိမိတို့သင်ယူထားသည့် ပညာရပ် များအား လက်တွေ့အသုံးချပြီး“သိရှိခြင်းမှဖန်တီးခြင်း သို့” ကူးပြောင်းနိုင်ကြောင်း ပြသပေးသည့် အခွင့်အရေးကောင်းတစ်ရပ် ဖြစ်ပါကြောင်း၊ ပရောဂျက်ပြပွဲတွင် ပြသထားသည့် ပရောဂျက်တစ်ခုချင်းစီသည် ကျောင်းသား၊ကျောင်းသူများ၏ အသိပညာ၊ ကြိုးစားအား ထုတ်မှုနှင့် ဖန်တီးနိုင်စွမ်းများ၏ ရလဒ်များဖြစ်ပါကြောင်း၊ ကွန်ပျူတာတက္ကသိုလ်မှ ထွက် ပေါ်လာမည့် လူငယ်နည်းပညာရှင်များအနေဖြင့် နိုင်ငံတော်အတွက်သာမက မိမိတို့နေ ထိုင်ရာဒေသ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ နည်းပညာကိုအသုံးချသွားကြရန် အရေးကြီးပါကြောင်း၊ ယနေ့အချိန်တွင် Artificial Intelligence သည် ကမ္ဘာတစ်ဝန်း အလွန်လျင်မြန် စွာဖွံ့ဖြိုးလာနေပြီး AI ကို မှန်ကန်စွာ အသုံးချနိုင်မည်ဆိုပါက ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် သုတေသနလုပ်ငန်းများတွင် ထိရောက်မှုကို များစွာမြှင့်တင်နိုင်မည် ဖြစ်ပါကြောင်း၊ ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူများအနေဖြင့် နည်းပညာများကို ဆက်လက်ဖန်တီးပြီး နိုင်ငံတော်၏ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ဝိုင်းဝန်းကြိမ်းပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ပါမောက္ခချုပ်မှ နဝမအကြိမ် ပရောဂျက် ပြပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကွန်ပျူတာတက္ကသိုလ် (မုံရွာ)မှ ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ကျောင်း သား၊ကျောင်းသူများ ကိုယ်တိုင်စုပေါင်းဖန်တီး ပြုလုပ်ထားသည့် ပရောဂျက်ပြခန်း (၅၉)ခန်းတို့အား လိုက်လံ ကြည့်ရှုအားပေးရာ ကျောင်းသား/သူများက မိမိတို့နှင့်သက်ဆိုင်သည့် ပရောဂျက်ပြခန်း များနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းပြသကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်း လင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကွန်ပျူတာတက္ကသိုလ်(မုံရွာ) ကျောင်း အုပ်ကြီးထံ ကျောင်းသား၊ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး ကွန် ပျူတာတက္ကသိုလ်(မုံရွာ) စာကြည့်တိုက်အတွင်းရှိ စာအုပ်စာစောင်များနှင့် ကွန်ပျူတာ လက်တွေ့သင်ကြားရေးအခန်းများ စနစ်တကျထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ ကြောင်း သိရသည်။
