စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာလ ၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက စာတတ်မြောက်ရေးသည် လူတစ်ဦးတစ်ယောက်၏ ဘဝတစ်လျှောက်လုံးအတွက် အခြေခံကျသည့် အရည်အသွေးတစ်ခု ဖြစ်ပြီး ပညာရေးအရလည်း အရေး ကြီးပါကြောင်း၊ စာတတ်မြောက်မှုရှိခြင်းကြောင့် လူသားတိုင်းသည် ပိုမိုကောင်းမွန်သည့် ဘဝတစ်ခုအားရရှိခြင်း၊ စီးပွားရေးနှင့် လူမှုစွမ်းရည်များ ပိုမိုတိုးတက်စေရန်အတွက် အထောက်အကူတစ်ခု ဖြစ်ပါကြောင်း၊ လူတိုင်းစာတတ်မြောက်မည်ဆိုပါက နိုင်ငံတစ်နိုင်ငံ၏ တိုးတက်မှုအား ပိုမိုမြန်ဆန်ကာ လူနေမှုဘဝများ လည်းအဆင်ပြေလာမည် ဖြစ်ပါကြောင်း၊ စာတတ်မြောက်ခြင်းသည် လူသားတိုင်း၏ အသိ ပညာနှင့် စိတ်ပညာအား တိုးတက်လာစေပြီး လူမှုရေး၊ စီးပွားရေးနှင့် နိုင်ငံရေးအမြင်များ လည်း မြင့်မားလာစေမည် ဖြစ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့်လည်း စာတတ်မြောက်ရေး ပိုမိုတိုးတက်လာစေရန်အတွက် ကျေးလက်ဒေသများတွင် ပညာရေးအသိ ပညာလုပ်ငန်းများအား စဉ်ဆက်မပြတ် ပြုလုပ်သွားကြရန် လိုအပ်ပါကြောင်း ပြောကြား သည်။
ယင်းနောက် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ)က ကမ္ဘာ့ ကုလသမဂ္ဂ၊ ယူနက်စကို ညွှန်ကြားရေးမှူးချုပ်ရုံးမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူ များက မြန်မာနိုင်ငံစာတတ်မြောက်ရေးလှုပ်ရှားမှု Videp Clip အား ကြည့်ရှုအားပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် တာဝန်ရှိသူများက ၂၀၂၆-ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက် ရေးနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်များနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ကျောင်းသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ် ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူ များက မုံရွာမြို့ပေါ်ရှိ အခြေခံပညာအထက်တန်း ကျောင်းများမှ ကျောင်းသား၊ကျောင်းသူ များ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ၂၀၂၆-ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ဆုရ စာစီစာကုံး၊ ကဗျာ၊ ပန်းချီများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
