စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန် ထုတ်လုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်ကာ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်းများစေပြီး လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စေရန်အတွက် စက်တင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူသည် တစ်ရက်လျှင် ဂျုံစေ့ တန် – ၅၀ ကြိတ်ခွဲကာ၊ ၂ တင်းဝင်အိတ် ဂျုံမှုန့်- ၃၀၀ ထုတ်လုပ်နေသည့် မုံရွာစက်မှုဇုန်ရှိ “ပါဝါ” ဂျုံမှုန့်စက်ရုံသို့ ရောက်ရှိကြသည်။
ဦီးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား စက်ရုံတာဝန်ခံမှ ဂျုံမှုန့် စက်ရုံအတွင်း ဂျုံကြိတ်ခွဲထုတ်လုပ်နေမှု၊ ကုန်ကြမ်းသိုလှောင်ထားရှိမှုများနှင့် ပါကင်ထုတ် ပိုးနေမှုများအား လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်းများအား တိုးချဲ့လုပ်ကိုင်ဆောင် ရွက်သွားကြရန်နှင့် ကုန်ကြမ်းများရရှိစေရေးအတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ဂျုံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကုန်ပစ္စည်းများတင်ပို့ရောင်းချရာတွင်လည်း လမ်းခရီးအဆင်ပြေမှုများရှိအောင် ဆောင် ရွက်ပေးသွားရေးတို့အား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားကာ လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာစက်မှုဇုန်ရှိ “အေးငြိမ်းသီတာ” ဆေးဝါးထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံ စက်ရုံ အတွင်း တိုင်းရင်းဆေးဝါးကုန်ကြမ်းများ သိုလှောင်ထားရှိမှု၊ ခေတ်မီစက်များဖြင့် ဆေးဝါး အမျိုးမျိူးထုတ်လုပ်နေမှုများနှင့် ပါကင်ထုတ်ပိုးနေမှုများအား လိုက်လံရှင်းလင်းပြသ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းရင်းဆေးဝါးအမျိုးမျိုး ထုတ်လုပ် နေမှုများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်းပြသမှုများအပေါ် ကုန်ကြမ်းရရှိရေး၊ အရည်အသွေးကောင်းမွန်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
