မုံရွာ၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၁၄ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ တောင်သူ ဦးအောင်ကျော်လွင် စိုက်ပျိုးထားရှိသည့် ချည်မျှင်ရှည်ဝါ ရာကာ ၆၆၆ မျိုး၊ (၁.၅၀)ဧက စိုက်ခင်းသို့ ရောက်ရှိကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝါသီးနှံစိုက်ပျိုးသည့်တောင်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံရာ ဝါသီးနှံများတိုးချဲ့စိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးသွားရေး၊ ဓါတ်မြေဩဇာများ စနစ်တကျသုံးစွဲသွားရေးနှင့် ဝါခူးဆွတ်ချိန်တွင် လေလွင့်မှု မရှိအောင် စနစ်တကျခူးဆွတ်သွားကြရန် လိုအပ်ပါကြောင်း၊ ဝါစိုက်ခင်းများအတွင်း ပိုးမွှားအန္တရာယ်ကျရောက်မရှိအောင် ပိုးသတ်ဆေးများ ကြိုတင်ကာစနစ်တကျ ပတ်ဖျန်းသွားရေးတို့ အား မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဒေသခံတောင်သူများမှ ဝါသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးစံပြကွက် အောင် မြင်ဖြစ်ထွန်းနေမှုများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့နယ်၊ အုန်းတောကျေးရွာရှိ “ထွန်းသီရိ”ဝါစက်ရုံသို့ ရောက်ရှိရာ စက်ရုံလုပ်ငန်းရှင်မှ ဝါစက်ရုံအတွင်း ဝါများသိုလှောင်ထားရှိမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဝါသီးနှံ ကုန်ကြမ်းပစ္စည်းများပိုမိုရရှိအောင် ဝါစိုက်ပျိုးတောင်သူများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ဝါများတင်ပို့ရောင်းချရာတွင် လမ်းခရီးတွင်အခက်အခဲမရှိအောင်
တာဝန်ရှိသူများမှလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် “KT”ကြက်သား ဖောက်လုပ်ငန်းသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း ကြက်သားပေါက်များ ထုတ်လုပ်နေမှုအခြေအနေများနှင့် တင်ပို့ရောင်းချနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကြက်သားပေါက်များ ထုတ်လုပ်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ “ရွှေမင်းဝံ”ပန်းခြံသို့ ရောက်ရှိရာ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့မှ တာဝန်ရှိသူများမှ ပန်းခြံ အတွင်းရှိ အလှပန်းပင်များ၊ အရိပ်ရအပင်များ၊ အပန်းဖြေနေရာများ ဆောင်ရွက်ထားရှိမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီး (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက နိုင်ငံတော်အဆင့်ပြိုင်ပွဲကြီးသို့ မိမိတို့ တိုင်းဒေသကြီးကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အနုပညာရှင်များ၊ ပံ့ပိုးတီးခတ်ပေးကြမည့်သူများ၊ သင်ကြားပြသပေးမည့် အနုပညာရှင်ကြီးများအနေဖြင့် စခန်းသွင်းလေ့ကျင့် ချိန်မှစပြီး နိုင်ငံတော်အဆင့်ပြိုင်ပွဲဝင် စင်မြင့်ပေါ်တက်သည့် အချိန်အထိ မိမိပညာရပ်အား တန် ဖိုးထားပြီး ကြိုးစားသင်ယူလေ့ကျင့်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့နှင့်ယှဉ်ပြိုင်ရမည့် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ဘက်များလည်း သေချာကြိုတင်ပြင်ဆင်လေ့ကျင့်ပြီးယှဉ်ပြိုင်လာကြမည် ဖြစ်သည့်အတွက် မိမိတို့ဘက်မှလည်း အကောင်းဆုံး ယှဉ်ပြိုင်နိုင်အောင် ဝီရိယထား ကြိုးစားလေ့ကျင့်သွားကြရန်နှင့် အောင်မြင်မှုဆုတံဆိပ်များ ကိုယ်စီရရှိအောင် ကြိုးစားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဘာသာရပ် အလိုက်ပြိုင်ပွဲများတွင် ဆုရရှိကြသည့် အနုပညာရှင်များအား ဆုတံဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အောင်နိုင်ရေးအဖွဲ့ခေါင်း ဆောင်ထံ အောင်နိုင်ရေးအလံအား ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိခဲ့သူများ ၏ ပြန်လည်ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်အနုပညာရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။