စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် အခမ်းအနားကို စက်တင်ဘာလ ၁၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့တော်ခန်းမ တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး တရား သူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ ဆုရကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ၏သတင်းစကားသည် လူသားတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ စိန် ခေါ်မှုများအား အောင်မြင်စွာ ဖြေရှင်းနိုင်ပါကြောင်းနှင့် နောင်လာနောက်သားများအတွက် ဘေးကင်းသောကမ္ဘာမြေအား လက်ဆင့်ကမ်းနိုင်ရန် တိုက်တွန်းခြင်း ဖြစ်ပါကြောင်း၊ အိုဇုန်းလွှာသည် နေမှလာသော အန္တရာယ်ရှိသည့် ခရမ်းလွန် ရောင်ခြည်များအား ကမ္ဘာမြေ ပြင်သို့ တိုက်ရိုက်မကျရောက်အောင် စိစစ်တားဆီပေးသည့် သဘာဝဒိုင်းလွှာတစ်ခု ဖြစ်ပါ ကြောင်း၊ အိုဇုန်းလွှာပျက်စီးပါက လူတို့တွင် အရေပြားကင်ဆာ၊ မျက်စိအတွင်းတိမ် စသည့်ရောဂါများ ဖြစ်ပွားနိုင်သည့်အပြင်၊ ပင်လယ်ရေကြောင်း ဂေဟစနစ်နှင့် စိုက်ပျိုး ရေးသီးနှံများကိုပါ ကြီးမားစွာ ထိခိုက်စေနိုင်ပါကြောင်း၊ ကမ္ဘာ့အဓိက စိုက်ပျိုးသီးနှံများ ဖြစ်ကြသည့် စပါး၊ ဂျုံ၊ ပဲမျိုးစုံ၊ ပြောင်းဖူးနှင့် ပဲပုပ်တို့သည် ခရမ်းလွန်ရောင်ခြည်ဒဏ်အား မခံနိုင်ကြသလို သုတေသနများအရ အိုဇုန်းလွှာပျက်စီးမှုကြောင့် အချို့သီးနှံများ၏ အထွက်နှုန်းမှာ ၁၀% မှ ၂၅% အထိ ကျဆင်းသွားနိုင်ပါကြောင်း၊ သန့်ရှင်းသည့်ပတ်ဝန်းကျင်နှင့် ကောင်းမွန်သည့် ဂေဟစနစ်များအား သားစဉ်မြေးဆက် လက်ဆင့်ကမ်းရပ် တည်နိုင်ရန် မိမိတို့အားလုံးအနေဖြင့် သဘာဝပတ်ဝန်းကျင်အား တန်ဖိုးထားပြီး ထိန်း သိမ်းသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူ များက ၂၀၂၆-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် Video Clip နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍဆိုင်ရာ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး တရားသူကြီးချုပ်တို့ က ၂၀၂၆-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသော ကျောင်း သား/သူများအား ဂုဏ်ပြုဆုလက်မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်းခင်း ကျင်းပြသထားသည့် လေ၊ ရေ၊ မြေ တိုင်းတာရေးစက်ကိရိယာများ၊ CFCs (Chlorofluorocarbons)ပစ္စည်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးစာအုပ် များနှင့် လက်ကမ်းစာစောင်များ၊ ၂၀၂၆-ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် အခြေခံပညာ၀အဆင့် စာ စီစာကုံး၊ ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသော စာစီစာကုံးများနှင့် ပန်းချီများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
