မုံရွာ၊ အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၂၃ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ ထွက်ဝ(ထမံသီ)ကျေးရွာအနီးရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေ ၆၀၀ ဧကအား စိုက်ပျိုးရေ ရရှိစေရန်နှင့် ၂ သီးစား စိုက်ပျိုးနိုင်ရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် တည်ဆောက်မည့် နန့်သလက်ချောင်းမှ ဆိုလာစနစ်(486)KW ရေတင်စီမံကိန်းသို့ ရောက်ရှိရာ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန(ရေအရင်းမြစ်)မှ တာဝန်ရှိသူတစ်ဦးက စီမံကိန်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက စီမံကိန်းလုပ်ငန်းများအား စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် သတ်မှတ်အချိန်အပြီး တည်ဆောက်သွားရေး၊ တောင်သူများ အမှန်တကယ်လိုအပ်သည့် စိုက်ပျိုးရေအား ရေပေးမြောင်းများဖြင့် စနစ်တကျ တူးဖော် ဆောင်ရွက်သွားရေး၊ ဒေသခံတောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များ အမှန်တကယ် ရွေးချယ်စိုက်ပျိုးသွားရေးနှင့် သီးထပ်စိုက်ပျိုးကာ စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့အား ဌာနဆိုင်ရာများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ စီမံကိန်းဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ နန့်သလက်ချောင်းမှ ဆိုလာစနစ် ရေတင်စီမံကိန်းတည်ဆောက်သွားမည့် ရေယူအဆောက်အဦ၊ ဆိုလာတပ်ဆင်မည့် မြေနေရာများနှင့် ရေပေး မြောင်း တူးဖော်ဆာင်ရွက်မည့် စိုက်ခင်းများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ (မောင်းခမ်း)ကျေးရွာရှိ ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေ ၄၅၀ ဧကအား စိုက်ပျိုးရေရရှိစေရန်နှင့် ၂ သီးစားစိုက်ပျိုးနိုင်ရန်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် တည်ဆောက်မည့် ချင်းတွင်းမြစ်မှ ဆိုလာစနစ်(216)KW ရေတင်စီမံကိန်းသို့ ရောက်ရှိရာ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန(ရေအရင်းမြစ်)မှ တာဝန်ရှိသူတစ်ဦးက စီမံကိန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက စီမံကိန်းလုပ်ငန်းများအား သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီပြီးစီးအောင် တည်ဆောက်ပြီးစီးသွားရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ စီမံကိန်းဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ချင်းတွင်းမြစ်မှ ဆိုလာစနစ် ရေတင်စီမံကိန်းတည်ဆောက်သွားမည့် ရေယူအဆောက်အဦ၊ ဆိုလာတပ်ဆင်မည့် မြေနေရာများနှင့် ရေပေးမြောင်းတူးဖော်ဆာင်ရွက်မည့် စိုက်ခင်းများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။