မုံရွာ၊ ဇွန် ၅
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၆-ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် အခမ်းအနားကို ဇွန်လ ၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ မြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနှ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ယနေ့ခေတ်သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်ရန်နှင့် ဖြေရှင်းရန်အဓိကအရေးကြီးသည့် နယ်ပယ်များ တွင် ရာသီဥတုပြောင်းလဲခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးခြင်း၊ ညစ်ညမ်းမှုနှင့် စွန့်ပစ်အမှိုက်များဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲခြင်းဆိုသည် ဖန်းလုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်ခြင်း များလာခြင်းကြောင့် ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်း၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက် လာပြီး ပြင်းထန်ဆိုးရွားသည့် ရာသီဥတုများကို ရင်ဆိုင်ကြို့တွေ့နေရခြင်း ဖြစ်ပါကြောင်း၊ ကျောက်မီးသွေး၊ ရေနံစသည့် ရုပ်ကြွင်းလောင်စာများအစား နေရောင်ခြည်စွမ်းအင် (Solar)ဖြင့် ရေအားလျှပ်စစ်ကဲ့သို့သော သန့်ရှင်းသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို အစားထိုးအသုံးပြုသွားကြရန် လိုအပ်ပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနည်းသော သို့မဟုတ် ပြန်လည်အသုံးပြုနိုင်သည့် ကုန်ကြမ်းများဖြင့် ပြုလုပ်ထားသည့် ပစ္စည်းများကိုရွေးချယ်ဝယ်ယူ အသုံးပြုသွားကြရန် တိုက်တွန်းပြော ကြားလိုပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒ၊ လုပ်ထုံး လုပ်နည်း၊ စံချိန်စံညွှန်း၊ စည်းကမ်းချက်များအား လေးစားလိုက်နာဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များကို အောင်မြင်အောင် အကောင်အထည် ဖော် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူ များမှ ၂၀၂၆-ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာ Video Clip ပြသခြင်းနှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ် Video Clip တို့အား ကြည့်ရှုအားပေးကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပတ်ဝန်းကျင်စီမံခန့်ခွဲ မှုကောင်းမွန်သည့် စက်ရုံ/အလုပ်ရုံများ၊ အမျိုးသားအဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြေသော (မူလတန်း၊အလယ်တန်း၊အထက်တန်း)ကျောင်းဆုများနှင့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်း အမှတ်အကြို အလွတ်တန်း စာစီစာကုံးပြိုင်ပွဲ၊ အခြေခံ ပညာအဆင့် ပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများအား ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများရရှိခဲ့ကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပတ်ဝန်းကျင်အရည်အသွေး တိုင်းတာရေးကိရိယာများ၊ အသိပညာပေးမှတ်တမ်းဓါတ်ပုံများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ဆုရစာစီစာကုံးများနှင့် ပန်းချီများအား လိုက် လံကြည့်ရှုခဲ့ကြသည်။
ယနေ့နံနက် ၁၀း၃၀ မိနစ်အချိန်ဝန်းကျင်ခန့်တွင် စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများနှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများ အေးချမ်းတည်ငြိမ်စွာဖြင့် စစ်ကိုင်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ ရက် ၁၀၀ စီမံချက်အရ ပုံစံ ၁၀ အိမ်ထောင်စုဇယားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လာရောက်ပြုလုပ်ကြရာတွင် အကြမ်းဖက်အဖွဲ့မှ အချိန်ကိုက်ဗုံးဖြင့် လာရောက်ဖောက်ခွဲခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား စစ်ကိုင်းမြို့၊ ကုတင် ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ ညနေပိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် သတ်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ အားပေးစကားများ ပြောကြားပြီး အဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကာ ကုသရေးလုပ်ငန်း များနှင့်ပတ်သက်၍ လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






