မုံရွာ၊ ဇွန် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဇွန်လ ၂၀ ရက်၊ နံနက်ပိုင်းတွင် မိုးရာသီကာလတွင် ချင်းတွင်းမြစ်ရေကြီးမြင့်မှုကြောင့် မုံရွာမြို့အား ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေးအတွက် ရေထိန်းတာဘောင်များ ကြံ့ခိုင်မှု၊ အမြန်ရေယာဉ် Speed Boat များ ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှုများနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်နေမှု၊ ရေဝင်ရောက်နိုင်သည့်နေရာများအား သဲအိတ်များဖြင့် ကာရံနေမှုများအား လိုက်လံ ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ချင်းတွင်းမြစ်ရေကြီးချိန်ကာလအတွင်း သက်ဆိုင်ရာများဌာနများအလိုက် ရှာဖွေကယ်ဆယ်ရေးနှင့် သက်ကယ်ပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိစေရေး၊ ရေထိန်းတာဘောင်များ ကြံ့ခိုင်မှုရှိစေရေးအတွက် စနစ်တကျကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။


