မုံရွာ၊ ဩဂုတ် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ တန့်ဆည်မြို့နယ် မူးမြစ်ရေမြင့်တက်သည့် ကျေးရွာများရှိ ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်လ ၈ ရက်၊ နံနက်ပိုင်းတွင် ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ ခရိုင်စုပေါင်းရုံးရှိ ရွှေဆည်မြိုင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မူးမြစ် ရေဝင်ရောက်သည့် ကျေးရွာများမှ ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း မိုး အဆက်အပြတ်ရွာသွန်းမှုကြောင့် မူးမြစ်ဘေးကျေးရွာရှိ လူနေအိမ်များအတွင်း မိုးရေများ ဝင်ရောက်ခဲ့ပြီး မိုးရေများပြန်လည်ကျဆင်းရေးအတွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ များနှင့်ပြည်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူများအနေ ဖြင့်လည်း မိုးရေများပြန်လည် ကျဆင်းပြီးပါက မိမိမြို့၊ရပ်ကွက်၊ကျေးရွာများအတွင်းရှိ လမ်းများ၊လူနေအိမ်များနှင့် ကျောင်းများအတွင်း သန့်ရှင်းသန့်ရှပ်ရေးလုပ်ငန်းများအား တာဝန်ရှိသူများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေး သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သည့် တန့်ဆည်မြို့နယ်၊ မူးမြစ်ရေ ဝင်ရောက်သည့် ကျေးရွာပြည်သူများအတွက် ထောက်ပံ့ငွေကျပ် – ၃၂,၄၂၅,၀၀၀ (သုံးရာ နှစ်ဆယ် လေးသိန်းနှစ်သောင်းငါးထောင်)ကျပ်အား လည်းကောင်း၊ တိုင်းဒေသကြီး စီမံကိန်း၊စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ် သည့် ငွေကျပ် – ၁၀၀ သိန်းအား မူးမြစ်ရေဝင်ရောက်သည့် ကျေးရွာပြည်သူများထံ ထောက် ပံ့ပေးအပ်ကြသည်။

ဆက်လက်၍ ရေဦးခရိုင်၊ တန့်ဆည်မြို့နယ် မူးမြစ်ရေဝင်ရောက်သည့်ကျေးရွာ ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်း ဒေသကြီး ဝန်ကြီးချုပ်က အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ရေလှောင်တမံသို့ ရောက်ရှိရာ မိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် သဖန်းဆိပ်ရေလှောင်တမံအတွင်း ရေဝင်ရောက်မှု အခြေအနေ၊ ရေထိန်းတမံများ ကြံ့ခိုင်မှုအခြေအနေ၊ ရေပိုလွှဲနှင့်အကူရေပိုလွှဲ ကြံ့ခိုင်မှုအခြေအနေများအား လိုက်လံကြည့် ရှုခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တာဝန်ရှိသူများအားလုံးအနေဖြင့် ရေလှောင်တမံ ကြီး ကြံ့ခိုင်မှုရှိစေရေးအတွက် မိုးရွာသွန်းမှုများသည့် ယခုကာလအတွင်း မိမိတို့အားပေး အပ်ထားသည့် လုပ်ငန်းတာဝန်များအား တာဝန် ကျေပွန်လိုစိတ်ဖြင့် အလေးထားကာ ဌာနများအချင်းချင်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများဆောင် ရွက်ရာတွင် လုံခြုံရေးအသိ၊သတိတို့ဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြား ခဲ့သည်။

အဆိုပါ သဖန်းဆိပ်ရေလှောင်တမံသည် တမံအလျား – ၂၂၅၈၇ ပေ၊ တမံအမြင့် – ၁၀၈ ပေ၊ ကန်ရေပြည့်ရေပြင်ကျယ်ဧရိယာ – ၁၀၆၂၀၀ ဧက၊ ယခုလက်ရှိ ၂၈၈၀၀၀၀ ဧက သိုလှောင်နိုင်ပြီး ပင်မရေပိုလွှဲ – သံကူကွန်ကရစ် ရေတံခါး – (၃၀ ပေx၁၅ ပေ)၊ (၁၂)ပေါက် အကျယ် – ၄၃၇ ပေနှင့် အကူရေပိုလွှဲ သံကူကွန်ကရစ် – ၂၇ ပေအကျယ်၊ (၄၂)ပေါက် အကျယ် – ၁၂၀၇ ပေရှိပြီး သဖန်းဆိပ်ရေလှောက်တမံ၏ ကန်ရေပြည့်ရေမှတ် – ၅၄၅ ပေ ဖြစ်ပြီး တမံထိပ်ပြင်အမြင့် – ၅၆၀ ပေ၊ လက်ရှိရေအမှတ် – ၅၄၅.၂ ပေ ရှိကြောင်း သိရ သည်။

မိုးရာသီကာလအတွင်း မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိကျေးရွာများအား ချင်းတွင်းမြစ် ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရန်စေအတွက် မုံရွာမြို့၊ အလုံရပ်ကွက်မှ မုံရွာတောင်ရပ် ကွက်အထိ ရေကင်း(၁၂)ခုဖြင့် မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်း၊ ရပ်ကွက်နေပြည်သူ များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များနှင့်စုဖွဲ့၍ သတ်မှတ်နေရာများတွင် ရေကင်းများချကာ (၂၄)နာရီ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ချင်းတွင်းမြစ် ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရန်စေအတွက် ချင်းတွင်းမြစ် ရိုးတစ်လျှောက်ရှိ မုံရွာမြို့၊ အလုံရပ်ကွက်မှ မုံရွာတောင်ရပ်ကွက်အထိ ရေကင်း(၁၂)ခုဖြင့် မြစ်ရိုးတစ်လျှောက်ရှိ ရေထိန်းတာဘောင်များ ကြံ့ခိုင်မှုအခြေအနေများ၊ ရေထိန်းတံခါး များ ကြံ့ခိုင်မှုအခြေအနေများနှင့် ရေကင်းများစုဖွဲ့ချကာ စောင့်ကြည့်နေမှုများအား ဩဂုတ် လ ၉ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့ နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့် ရှုစစ်ဆေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ရေ ထိန်းတာဘောင်များနှင့် ရေတံခါးများ ကြံ့ခိုင်မှုရှိစေရေးတို့အတွက် တာဝန်ရှိသူများမှ အချိန်ပြည့်စောင့် ကြည့်စစ်ဆေးသွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့်လည်း ရပ်ကွက်နေပြည်သူများနှင့် ချိတ်ဆက်ပူးပေါင်းကာ ချင်းတွင်းမြစ်အခြေ အနေအား(၂၄)နာရီအချိန်ပြည့် စောင့်ကြည့်သွားကြရန်နှင့် သဲအိတ်များ၊ တာဘောင်ကြံ့ခိုင် ရေးအတွက်လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများအား ကြိုတင်စီမံ စုဆောင်းထားရှိသွား ကြရန် လိုအပ်ပါကြောင်း၊ မြစ်ရေကြီးချိန်ကာလအတွင်း မော်တော်/စက်တပ်လှေများ အန္တရာယ်ကင်းစွာဖြင့် စနစ်တကျမောင်းနှင်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသ ကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ချင်းတွင်းမြစ် ရေကြီးရေလျှံမှုမှကာကွယ်နိုင်ရေးအတွက် လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချင်းတွင်းမြစ်ရိုး တစ် လျှောက်ရှိ မုံရွာမြို့၊ အလုံရပ်ကွက်မှ မုံရွာတောင်ရပ်ကွက်အထိ ရေကင်း(၁၂)ခုရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ ၍လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။