မုံရွာ-မတ်၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုထိုသားကျေးရွာတွင် မတ်လ ၂၁ ရက်၊ နံနက်( ၈ )နာရီအချိန်က စေတနာရှင် အလှူရှင်များ၏ လှူဒါန်းငွေကျပ် သိန်း ၈၀၀၀ကျော်ဖြင့် တည်ဆောက် ပြီးစီးခဲ့သည့် အလောင်းတော်ကဿပသွားရာ ပင်မ လမ်းပိုင်းပေါ်ရှိ ၂၁ စင်းမြောက် ရွှေမေတ္တာ ရွှေဆံပင် သံကူကွန်ကရစ်တံတားကြီးဖွင့်ပွဲ အခမ်းအနားကို မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့နှင့် ရှမ်းရိုးရာယဉ်ကျေးမှုအဖွဲ့များ၏ ကပြဖျော်ဖြေ မှု၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၏ စတုဒိသာမဏ္ဍမ်များဖြင့် ဧည့်ခံကျွေးမွေးမှု ၊ ဂီတတံခါးလေးအဖွဲ့၏ သီဆို ဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနားတွင် ရွှေဆံပင်တံတား လမ်းအကျိုးတော်ဆောင်ဆရာတော် ဦးပညာဝေပုလ္လ၊ စစ်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးသောင်းစိန်နှင့်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်ဦးတို့က ရွှေမေတ္တာရွှေဆံပင်တံတားကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ရွှေဆံပင်တံတားလမ်း အကျိုးတော်ဆောင် ဆရာတော် ဦးပညာ ဝေပုလ္လနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသာအေးက ဖွင့်ပွဲဆိုင်းဘုတ်အား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ထိုနောက် ရွှေဆံပင်တံတားလမ်းအကျိုးတော်ဆောင် ဆရာတော် ဦးဝေပုလ္လ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသာအေး၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဌ ဦးသောင်းစိန်နှင့် တာဝန်ရှိသူများသည် တံတားကြီးကြံ့ခိုင်မှု အခြေအနေများ
ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါ ရွှေမေတ္တာရွှေဆံပင်တံတားကြီး တည်ဆောက်ပြီးမှုနှင့် ပတ်သတ်၍ ပုလဲမြို့နယ်၊ရွာသစ်ကျေးရွာနေ ရပ်မိရပ်ဖဦးတင်ဝင်းက ဲ ဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၁၅ )နှစ် ကျော်ကဆိုရင် ကျွန်တော်ဒေသမှာရှိတဲ့ ကျောင်းသား/ ကျောင်းသူ၊ လူငယ် လူရွယ်များနဲ့ ပြည်သူများဟာ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှုမရှိတဲ့အတွက်ကြောင့် ပညာရေး၊ ကျန်းမာရေး၊လူမှုရေး၊စီးပွားရေးကအစ ကုန်စည်ကူးသန်းရောင်းဝယ်မှုအထိ တော်တော်ကို ဒုက္ခရောက်ခဲ့ကြပါတယ်။ ဒါပေမယ့် ယနေ့အချိန်အခါမှာ အိမ်မက်ဆိုးကနေ နိုးထလာသလို ပါပဲ။ ရွှေဆံပင်ဆရာတော်ဦးဝေပုလ္လနဲ့ တံတားလမ်းအကျိုးတော်ဆောင် ဆရာတော်များရဲ့ စိတ်ဓာတ်ပြင်းပြစွာနဲ့ ဦးဆောင်မှုများနဲ့အတူ နိုင်ငံတော်အစိုး၊ တိုင်းဒေသကြီးအစိုးရရဲ့ ထောက်ပံ့ကူညီမှုတွေ၊ နိုင်ငံအတွင်းရှိ စေတနာရှင်အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ မြန်မာ့ အမျိုးသမီးများရဲ့ ဆံပင်လှူဒါန်းမှုမှ ရောင်းရငွေများဖြင့် စုစုပေါင်းသိန်း( ၁၅၀၀၀ )ကျော် အထိ အကုန်အကျခံကာ အလောင်းတော်ကဿပသွားရာ ပင်မလမ်းပိုင်းမှာ ယခုဖွင့်လှစ်ခဲ့ တဲ့ ၂၁စင်းမြောက် ရွှေမေတ္တာရွှေဆံပင် တံတား အပါအဝင် ကျောက်ခင်းလမ်း ၁၅ မိုင်၊ ကတ္တရာလမ်း ၅ မိုင်ကို လမ်းခင်းနိုင်ခဲ့ပြီဖြစ်လို့ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်မှုမှ သည် ကျွန်တော်တို့ဒေသဟာ ဖွံ့ဖြိုးစ ပြုလာပြီ ဖြစ်လို့ စေတနာထား လှူဒါန်းထောက်ပံ့
ပေးခဲ့ကြတဲ့ နိုင်ငံတော်အစိုးရနဲ့တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အနယ်နယ် အရပ်ရပ်မှ လှူဒါန်းပေးခဲ့ကြတဲ့ စေတနာရှင်များ၊ရွှေဆံပင်တံတား လမ်းတွေဖြစ်မြောက်လာ အောင် ဆံပင်လှူဒါန်းပေးခဲ့ကြတဲ့ မြန်မာ့အမျိုးသမီးများနဲ့ ကျေးဇူးတင်ထိုက်သူအားလုံးကို ဒေသမှာ ရှိတဲ့ ပြည်သူများ ကိုယ်စား ပြောပြ မတက်အောင်ပင် ကျေးဇူးတင်ရှိပါတယ်လို့
ပြောလိုပါတယ် ဲ ဲ ဟု ပြောကြားခဲ့သည်။
ယခုဖွင့်လှစ်ခဲ့သည့် မြောက်ယမားချောင်းကူး ရွှေမေတ္တာရွှေဆံပင်တံတားသည် အရှည်ပေ ၅၅၀ပေ၊ အကျယ်ပေ ၂၄ပေ ဖြစ်ပြီး သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ကာ နိုင်ငံတော်အစိုးရ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား
ညီအကိုမောင်နှမများ၊ စေတနာရှင် အလှူရှင်များ၏ ထည့်ဝင် လှူဒါန်းငွေကျပ် သိန်း ၈၀၀၀ ကျော်ဖြင့် အကုန်အကျခံကာ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အလောင်းတော်ကဿပသွားရာ ပင်မလမ်းပိုင်း၏ ၂၁စင်း မြောက် တံတားဖြစ်ကြောင်းနှင့် ပုလဲမြို့နယ်/ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာပေါင်း(၆၀)ကျော် ၊လူဦးရေ(၅)သောင်းကျော်တို့ကို အကျိုးပြုကြောင်း သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)
