အိန္ဒိယသမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် Quick Impact Project (QIP)အစီအစဉ် အရ အရည်အသွေးနှင့်အထွက်နှုန်းကောင်းမွန်သည့် ဝါမျိုးစေ့နှင့်မတ်ပဲမျိုးစေ့များအား တောင်သူများသို့ပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၁၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ တောင်သူ ဦးအေးကျော်၊ ကွင်းအမှတ်- ၆၆၅ တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံတောင် သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း စိုက် ပျိုးသွားမည့် ဝါသီးနှံများ ပန်းတိုင်အထွက်နှုန်းကောင်းမွန်စေရေးအတွက် တာဝန်ရှိသူများ အနေဖြင့် အမှတ်တကယ်စိုက်ပျိုးသွားမည့် ဒေသခံတောင်သူများထံ မျိုးကောင်းမျိုးသန့် များရရှိစေရေးနှင့် သွင်းအားစုများရရှိစေရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေး သွားကြရန် လိုအပ်ပါကြောင်း၊ ဒေသခံတောင်သူများအနေဖြင့်လည်း စိုက်ခင်းများအတွင်း ဓါတ်မြေဩဇာနှင့် သဘာဝမြေဩဇာများအား လိုအပ်မှုအချိုးညီမျှစွာဖြင့် ထည့်သွင်းအသုံး ချစိုက်ပျိုးသွားရေး၊ ဝါးသီးနှံများအလေအလွင့် မရှိစေရေးတို့အတွက် ဝါသီးနှံများခူးဆွတ် သည့်အချိန်နှင့် ရိတ်သိမ်းချိန်များတွင် ခေတ်မီနည်းပညာစက်များဖြင့် ခူးဆွတ်ရိတ်သိမ်း သွားရေး၊ ဝါသီးနှံများ သတ်မှတ်ပန်းတိုင်အတွက်နှုန်းရရှိရေးအတွက် တစ်ဧကလျင် ပိသာ ၇၀၀ မှ ၁၀၀၀ အထိ ထွက်ရှိရေး၊ ပင်ကြား၊တန်းကြားစနစ်ဖြင့် စိုက်ပျိုးသွားရေး၊ တောင် သူများမှလည်း မိမိတို့ပိုင်ဆိုင်သည့် မြေဧကအတွင်း သတ်မှတ်အပင်အရေအတွက် စိုက်ပျိုး သွားကြရန်နှင့် အရည်အသွေးကောင်းမွန်သည့် ဝါမျိုးစေ့များ စိုက်ပျိုးသွားရေး၊ တောင်သူများ ဝင်ငွေတိုးတက်စေရေးစေရေးအတွက် သမရိုးကျစနစ်မှ သိပ္ပံ နည်းကျစနစ်များဖြင့် စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း တောင်သူများလိုအပ်သည့် မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုဓါတ်မြေဩဇာများနှင့် လယ်ယာသုံးစက်မောင်းဆီများအား ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများလက်ဝယ် ဈေးနှုန်းမှန်ကန်စွာဖြင့် ရောင်းချပေးသွားနိုင်ရေးနှင့် စိုက်ခင်းများအတွင်း စိုက်ပျိုးရေရရှိစေရေးတို့အတွက် ဌာနများအချင်း ချင်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ် ပါကြောင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး က အိန္ဒိယသမ္မတနိုင်ငံ၏ အထောက်အပံ့ဖြင့် Quick Impact Project (QIP) အစီအစဉ်အရ အရည်အသွေးနှင့်အထွက်နှုန်းကောင်းမွန်သည့် ဝါမျိုးစေ့နှင့်မတ်ပဲမျိုးစေ့များအား တောင် သူများသို့ပေးအပ်ခြင်းနှင့် ဝါသီးနှံစိုက်ပျိုးခြင်းဆိုင်ရာ သိကောင်းစရာ အကြောင်းအရာ များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံတောင်သူ ၁၀၀ ဦးအတွက် ဝါမျိုးစေ့၊ မတ်ပဲမျိုးစေ့များ နှင့် သွင်းအားစုများအား ပေးအပ်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အခမ်းအနားသို့ တက်ရောက် လာကြသည့် ဒေသခံတောင်သူများက တောင်သူ ဦးအေးကျော်၏ ကွင်းအမှတ်- ၆၆၅ ၊ စိုက်ဧက ၄ ဧကအတွင်း RaKa 666 မျိုးကွဲအား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ မိုးနှောင်းချည်မျှင်ရှည်ဝါ စနစ်တကျစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသမှုများအား အတူတကွ ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
