မုံရွာ ၊ နိုဝင်ဘာ ၁

(၂၄)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို နိုဝင်ဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းပညာရေး တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များ၊ အနုပညာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်က (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ ဦးတည်ချက်(၄)ရပ်အား ပေါက်မြောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားအောင် ဆောင်ရွက်ရေးတို့အတွက် မျိုးဆက်သစ်လူငယ်များမှ မျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်များဖြင့် အမျိုးသားရေးတာဝန်များအား ကျေပွန်စွာထမ်းဆောင်နိုင်ရေးအတွက် တာဝန်ရှိသူများအားလုံးမှ တက်ညီလက်ညီပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်ကို မြင်တွေ့ရပါကြောင်း၊ ယခုနှစ် (၂၄)ကြိမ်မြောက် ပြိုင်ပွဲကြီးအား ကျင်းပပေးနိုင်ခဲ့သည့်အတွက် မြန်မာရိုးရာယဉ်ကျေးမှု စရိုက်လက္ခဏာတစ်ခု အပါအဝင်ဖြစ်သည့် မြန်မာသုခုမအနုပညာများ၏ ဘာသာရပ်ပေါင်းစုံပြိုင်ပွဲကြီးကို သဘာရင့်၊ ဝါရင့်အနုပညာ ရှင်ကြီးများ၊ ဝါသနာရှင်များ၊ မျိုးဆက်သစ်လူငယ်များနှင့် ပြည်သူများက ဝမ်းသာလို့မဆုံး ရွှင်ပြုံးပျော်ရွှင်စွာဖြင့် ကြိုဆိုအားပေးအားမြောက်ပြုခဲ့ကြပြီး ပူးပေါင်းဝင်ခဲ့ကြသည်ကို မြင်တွေ့ ရသည့်အတွက် ကြည်နူးဝမ်းမြောက်မိပါကြောင်း၊

ပြိုင်ပွဲဝင်များနှင့် အနုပညာရှင် ဆရာကြီး/ဆရာမကြီးများ၊ ပံ့ပိုးသည့်အနုပညာရှင်များ၊ အုပ်ချုပ်သူများအားလုံးအား ချီးကျူးဂုဏ်ပြုပွဲ ဖြစ်သည့်အတွက် ဆုတံဆိပ်များရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည့် ပြိုင်ပွဲဝင်များကို ဂုဏ်ပြုချီးမြှင့်သွားမှာဖြစ်သလို ဆုများမရရှိခဲ့သော်လည်း ရိုးရာသုခုမအနုပညာများအား လေးလေးစားစားဖြင့် မြတ်နိုးတွယ်တာပြီး တန်ဖိုးထားကာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများကိုလည်း မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိအမှတ်ပြုဂုဏ်ယူပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၁၀-၁၅ မဟာဂီတပြိုင်ပွဲတွင် ဆုရရှိသူများ၊ မဟော်သဓာဇာတ်တော်ကြီးနှင့် ရုပ်စုံသဘင်အဖွဲ့လိုက် ဆုရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့်ဆုငွေများအား လည်းကောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်မြင့်မြင့်အောင်က ၁၀-၁၅ ခေတ်ဟောင်းကာလပေါ်ပြိုင်ပွဲနှင့် ၁၀-၁၅ စောင်းပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်နှင့်ဆုငွေများအား ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက အရေးပြိုင်ပွဲ၊ ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲများနှင့် အတီးပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသော အနုပညာရှင်များထံ ဂုဏ်ပြုဆုလက်မှတ်နှင့်ဆုငွေများအား လည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက (၂၄)ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု ဆုများရရှိခဲ့ကြသော ပြိုင်ပွဲဝင်များထံ ဂုဏ်ပြုဆု လက်မှတ်နှင့်ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများရရှိခဲ့ကြသော အနုပညာရှင်၊ အတတ်ပညာရှင်များနှင့် အခမ်းအနားသို့ တက်ရောက်လာသူများ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ 

အဆိုပါ (၂၄) ကြိမ်မြောက် မြန်မာရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ပြိုင်ပွဲဝင်ဦးရေပေါင်း (၂၃၈)ဦး ပွဲစဉ်ပေါင်း(၈၈)ပွဲအား ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၁၀)ဆု၊ ငွေတံဆိပ်(၁၂)ဆု၊ ကြေး တံဆိပ်(၈)ဆု၊ နှစ်သိမ့်ဆု(၂)ဆု၊ စုစုပေါင်း(၃၂)ဆုရရှိခဲ့ပြီး နိုင်ငံတော်အဆင့်တွင် အဆင့်(၅)နေရာတွင် ရရှိခဲ့ကြောင်း သိရသည်။

IMG 5aaafbddfa480a32a2f2347323ead991 V

IMG 533fa0fceb3ec6f4ccb504410144f5b7 V

IMG 9d1506c4c40fa7950c4f603540402e39 V

IMG d8fb0ae5738f307d92ba19c917758bba V