မုံရွာ ၊ ဇန်နဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံတိုးမြှင့်စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက် နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၅ ရက်နေ့၊ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ စားသုံးဆီလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများအား လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ဦးတည်ချက်(၉)ရပ်နှင့်အညီ ဆောင်ရွက်ခဲ့ရာတွင် စီးပွားရေးဦးတည်ချက် ( ၃ )ရပ်အနက် “ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံ စိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး”ဆိုသည့် ဦးတည်ချက်နှင့်အညီ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးကို ပဓာနကျသည့် တာဝန် တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ၂၀၂၃ – ၂၀၂၄ ခုနှစ်တွင် မြေပဲ – ၈၇၃၁၆၂ ဧက၊ နှမ်း – ၁၀၈၂၄၀၇ ဧကနှင့် နေကြာ – ၃၇၃၃၄၂ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွား မည်ဖြစ်ပါ၍ တာဝန်ရှိသူအားလုံးမှ အလေးထားဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် အခြားသီးနှံများအား ပန်းတိုင်ရည်မှန်းချက်ကို ပြည့်မီအောင် စိုက်ပျိုးနိုင်မည်ဆိုပါက တိုင်းဒေသကြီး၏ ဆန်၊ ဆီ၊ ပဲ ဖူလုံမှုများ ပိုမိုတိုးတက်လာနိုင်မှာ ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်ရေးနှင့် လျာထားဧကများတိုးမြှင့်နိုင်ရေးအတွက် သက်ဆိုင်ရာဌာန အသီး သီးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက တိုင်းဒေသကြီးအတွင်း စားသုံးဆီထုတ်လုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ (GDP)နှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်း အမှန်တကယ်လိုအပ်သော စားသုံးဆီများနှင့် ပြည်ပသို့တင်ပို့သည့် ဆီထွက်သီးနှံများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်း ဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ တိုင်းဒေသကြီးအတွင်း ဆီစက်များတည်ဆောက်ထားရှိမှုအခြေအနေများ၊ ဆီထုတ်လုပ်မှုပမာဏ စားသုံးဆီကြိတ်ခွဲနိုင်ရေးနှင့် ထောက်ပံ့ပေးအပ်ရန် လိုအပ်မှုအခြေအနေများနှင့်ပတ်သက်၍ လည်းကောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးအတွင်း မြစိမ်းရောင်ချေးငွေများနှင့်စပ်လျဉ်း၍လည်းကောင်း၊ တိုင်းဒေသကြီးသမဝါယမ ဦးစီးဌာနမှ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုနှင့် သမဝါယမအသင်းများ၏ လုပ်ငန်းဆောင်ရွက် နေမှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနမှ စားသုံးဆီထုတ်လုပ်မှုနှင့် ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်များ ဖိတ်ခေါ် ခြင်းနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဆီထွက်သီးနှံ ယခင်နှစ်စိုက်ပျိုး၊ရိတ်သိမ်းမှုနှင့် ယခုနှစ်စိုက်ပျိုးရိတ်သိမ်းမှု အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့် ခွဲရေးဦးစီး ဌာနနှင့် တိုင်းဒေသကြီး ရေအရင်းအမြစ်ဦးစီးဌာနတို့မှ ဆီထွက်သီးနှံများ စိုက်ပျိုးရေရရှိရေးနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးတွင် စက်ကိရိယာသုံးစွဲမှု အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံပန်း တိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ လည်းကောင်း၊ တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနမှ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ပုံငွေလျာထားချက်များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် မုံရွာကုန်စည်ဒိုင် ဥက္ကဋ္ဌနှင့် ဆီစက်ပိုင်ရှင်ကြီးများအသင်းမှ တာဝန်ရှိသူများက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများနှင့် ဆီထွက်သီးနှံတိုး မြှင့်စိုက်ပျိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် အစည်းအဝေးသို့ တက်ရောက် လာသူများက တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံတိုးမြှင့်စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက် နှုန်းရရှိအောင် ကြိုးပမ်းဆောင်ရွက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူ များ၏ ဖြည့်စွက်အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

20240108 01

20240108 01

20240108 01

20240108 01

20240108 01

20240108 01

20240108 01