မုံရွာ၊ ဖေဖော်ဝါရီ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင် ကျင်းပပြုလုပ်သော ၂၂-၁၂-၂ဝ၂၃ ရက်နေ့မှ ၂၄-၂-၂ဝ၂၄ ရက်နေ့အထိ အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ မဟာမင်္ဂလာအခမ်းအနား ကို သာသနာတော်နှစ် ၂၅၆၇- ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅- ခုနှစ်၊ တပို့တွဲ လပြည့်နေ့ ၊စနေနေ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက်(၈ ) နာရီအချိန်က မုံရွာမြို့၊ ရွှေစည်းခုံသာသနာ့ဗိမာန်တော်၌ကျင်းပရာ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ မဟာဝိဇ္ဇာသိပ္ပံကျောင်း တိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘုရားကြီးအမှူးပြုသော သံဃာတော်အရှင်သူမြတ်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဆရာတော်ကြီးများနှင့်တကွ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အတူ တက်ရောက်လာကြသူများမှ“ နမောတဿ ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။
ဆက်လက်ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ မဟာဝိဇ္ဇာသိပ္ပံကျောင်း တိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက်သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တသုတ် ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် မုံရွာမြို့ ၊ ရန်ကင်းကျောင်းတိုက်ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ ဒွိပိဋကဓရ ဒွိပိဋကကောဝိဒ ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ယင်းနောက် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ တိပိဋကာလင်္ကာရသာမဏေကျော်ကျောင်း တိုက်ဆရာတော်ဘဒ္ဒန္တကောဝိဒ ( ဂန္ထဝါစကပဏ္ဍိတ )က နတ်ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က“ ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
ထို့နောက် မုံရွာမြို့ အသံမစဲ ဥပ္ပါတသန္တိပါဠိတော် ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲအဖြစ် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို အဆိုပါ မုံရွာမြို့၊ ရွှေစည်းခုံသာသနာ့ဗိမာန်တော်ရှေ့၌ စည်းကားသိုက်မြိုက်စွာ ကျင်းပရာ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်တော်နှင့်လှူဖွယ်ပစ္စည်းများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ တက်ရောက်လာကြသူအပေါင်းတို့က ဆက်ကပ်လောင်းလှူခဲ့ကြကြောင်း သတင်းရရှိသည်။






