မုံရွာ၊ မတ် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေးတက္ကသိုလ် (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းတွင် အဆိုပါ တက္က သိုလ်ရှိ စိန်ရတုခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများနှင့် ဘွဲ့ရမောင် မယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မောင်တို့မယ်တို့ မျှော်မှန်းကြိုး ပမ်းခဲ့ကြသည့် ရည်မှန်းချက်ပန်းတိုင် အသီးသီးအား ကောင်းစွာအောင်မြင်ရောက်ရှိခဲ့ကြပြီး ဖြစ်ပါ၍ မောင်တို့မယ်တို့နှင့်အတူ မိဘဆွေမျိုး၊ ဆရာသမား၊ မိတ်ဆွေများအားလုံးမှလည်း ဝမ်းမြောက်ဂုဏ်ယူနေကြမှာ အမှန်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှလည်း ဘွဲ့ရမောင်မယ်များအတွက် အလွန်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အမိတက္ကသိုလ်ကြီးမှ သင်ကြားပေးလိုက်သည့် စီးပွားရေးပညာရပ်များအား လက်တွေ့ဘဝတွင် ကောင်းစွာအသုံး ချပြီး နိုင်ငံတော်မှအားထားရသည့် စီးပွားရေးပညာရှင်များ အသိပညာအတတ်ပညာရှင်များ ဖြစ်လာ အောင်ကြိုးစားသွားကြရန် မှာကြားလိုပါကြောင်း၊
မောင်တို့မယ်တို့သည် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်သည်ဖြစ်စေ၊ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ကြသည်ဖြစ်စေ နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရို သေကာအများနှင့်အတူ ပူးပေါင်းညှိနှိုင်းပြီး အတ္တဟိတပရဟိတမျှတအောင် ဆောင်ရွက်သွား ကြရန် မှာကြားလိုပါကြောင်း၊ မောင်တို့မယ်တို့အားလုံးသည် ဘွဲ့ရခေတ်ပညာ တတ်လူငယ်များ ပီပီ မိမိဘဝ၊ မိမိပတ်ဝန်းကျင်၊ မိမိတိုင်းပြည်အား တိုးတက်မြင့်မားအောင် စေတနာအရင်းခံနှင့် စွမ်းဆောင်ပေးနိုင်သည့် အသိပညာရှင် အတတ်ပညာရှင်များ ဖြစ်လာနိုင်ကြစေရန် ဆုမွန် ကောင်းတောင်းအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက မုံရွာစီးပွားရေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာကြူထံ ငွေကျပ် – ၁၀ သိန်းအား ထောက်ပံ့ပေးအပ် ခဲ့ပြီး မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်က ကျေးဇူးတင်ဂုဏ်ပြုစကား ပြန်လည်ပြော ကြားသည်။ ဆက်လက်၍ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ MPA ဘွဲ့ရကျောင်းသား တစ်ဦး နှင့်စတုတ္ထနှစ်ကျောင်းသူတစ်ဦးတို့မှ ကျေးဇူးတင်စကား ပြောကြားကြပြီး မုံရွာစီးပွားရေး တက္ကသိုလ်ရှိ ဆရာ/ဆရာမများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ကချုပ်၊ ပါမောက္ခ/ဌာနမှူးများနှင့် ဘွဲ့ရမောင်မယ်များနှင့်အတူ ညစာအတူတကွ သုံး ဆောင်ခဲ့ကြောင်း သိရသည်။


