မုံရွာ၊ ဧပြီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၃-ခုနှစ်၊ ပါဠိပထမပြန် စာမေးပွဲ စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ဆရာလေးများ စာအောင်ဆုနှင့် အောင်လက်မှတ်များဆက်ကပ်လှူဒါန်းခြင်း စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ဧပြီလ ၁၁ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီးရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ “ နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ် ကြပြီး မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက်၊ ပဓာနနာယက၊ ပထမပြန်စာမေးပွဲကြီး ကြပ်ရေး ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိဇ္ဇောဒယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်၊ အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူသည့် မေတ္တာသုတ် ပရိတ်တရားတော်များအား နာယူကြည်ညိုပြီး ပင့်သံဃာဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်ပြီး ၂၀၂၃-ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲတွင် အခြေပြုမူလတန်းအောင် နိုင်ငံ တော်အဆင့် ဒုတိယဆုရရှိခဲ့သည့် သံဃာတော်တစ်ပါးနှင့် ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်း စာမေးပွဲအောင် သံဃာတော် ၂ ပါးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာအောင်လက်မှတ်၊ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ပါဠိပထမပြန်စာမေးပွဲတွင် ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေ ပြုမူလတန်းစာမေးပွဲအောင် သံဃာတော်များအား တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာများမှ စာအောင်လက် မှတ်နှင့် ဝတ္ထုငွေများအား လည်းကောင်း၊ စာအောင်သီလရှင် ဆရာကြီး/ဆရာလေးများအား တိုင်းဒေသကြီး တရားသူကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ များ၏ဇနီးများနှင့် တိုင်းဒေသကြီး ဥပဒေချုပ်တို့မှ စာအောင်လက်မှတ်နှင့် ဝတ္ထုငွေများအား ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် မုံရွာမြို့၊ မဟာဇောတိကာရာမကျောင်းတိုက်၊ ပဓာနနာယက၊ ပထမပြန် စာမေးပွဲကြီးကြပ်ရေး ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ ဘဒ္ဒန္တဝိဇ္ဇောဒယ ဆရာတော်ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး “ ဗုဒ္ဓသာသနံ စိရံ တိဌတု ”သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းကြသည်။
၂၀၂၃-ခုနှစ်၊ မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်တို့မှ ပါဠိပထမပြန်စာမေးပွဲကြီးတွင် ပထမကြီးတန်း စာမေးပွဲအောင် -၄၈ ပါး၊ ပထ မလတ်တန်း စာမေးပွဲအောင် – ၇၀ ပါး၊ ပထမငယ်တန်းစာမေးပွဲအောင် – ၁၂၃ ပါး၊ အခြေပြုမူလ တန်းစာမေးပွဲအောင် – ၁၈၂ ပါး၊ စုစုပေါင်း စာအောင်သံဃာတော်၊ သီလရှင်ဆရာကြီး/ဆရာ လေး – ၄၂၃ ပါး အောင်မြင်တော်မူခဲ့ကြပြီး စာအောင်သံဃာတော်၊ သီလရှင်များအား အလှူငွေကျပ် စုစုပေါင်း – ၁၀၁၁၀၀၀၀ (တစ်ရာ့တစ်သိန်းတစ်သောင်း)ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

