မုံရွာ၊ မေ ၂၀
ပညာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၄-ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို မေလ ၂၀ ရက် နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဦးစွာ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး တိုင်းဒေသကြီး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က အခွင့်အခါသင့်၍ဆောင်ရွက်ရသည့် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများအား ဝါသနာ၊ စေတနာအရင်းခံပြီး အခြေခံစာတတ်မြောက်ရေး သင်တန်းသားများအပေါ် အရေး၊ အဖတ်အတွက်ပညာရပ်များအား သင်ကြားပေးခဲ့ကြသည့် သင်ကြားရေးဝန်ထမ်းများ၊ ကြီးကြပ်ဆရာ/ ဆရာမများ လုပ်ငန်းများအောင်မြင်ရေးအတွက် စီမံဆောင်ရွက်ပေးကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများအားလုံးကို မိမိတို့ တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊
သန်းခေါင်စာရင်းစစ်တမ်းများအရ ကျောင်းမနေဖူးသူ၊ စာမတတ်သူအရေအတွက် များပြားနေသေးကြောင်း တွေ့ရှိရသည့်အတွက် ပညာသင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုံမှန်ပညာသင်ကြားရေး လုပ်ငန်းသာမကဘဲ ကျောင်းပြင်ပ ပညာသင် ကြားရေးလုပ်ငန်း များအား ယခုကဲ့သို့ဆောင်ရွက်ပေးမှသာ နိုင်ငံအတွင်းစာမတတ်သူများ လျော့နည်းလာမည်ဖြစ်သည့်အတွက် တာဝန်ရှိသူအားလုံးမှ ကျောင်းပြင်ပ ပညာသင်ကြားရေးလုပ်ငန်းများကိုလည်း အရေးကြီးလုပ်ငန်းတစ်ရပ်အဖြစ် သဘောထားပြီး လုပ်ငန်းများဆောင်ရွက်သွားကြရန် လိုအပ်ပါ ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးသိုက်က တိုင်းဒေသကြီးအတွင်း အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အခမ်းအနားသို့ တက်ရောက်လာသူများမှ ကျောင်းပြင်ပ ပညာရေးကဏ္ဍဖြစ်သည့် စာတတ်မြောက်ရေးလုပ်ငန်းနှင့် စဉ်ဆက်ပညာရေး ပညာပေး“မနီတို့၏ရွာနှင့်မြစ်” ဇာတ်လမ်း Video Click အား ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး စာသင်သားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန် လည်ပြောကြားပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြပြီး တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ကြီးကြပ်ဆရာ/ဆရာမများနှင့် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် ၂၀၂၄-ခုနှစ်၊ အခြေခံစာတ်မြောက်ရေးလုပ်ငန်း သင်တန်းဖွင့်လှစ်ခဲ့မှုအနေဖြင့် နည်းပြ ၇၂၅ ဦး၊ ကြီးကြပ် ၁၅၅ ဦး၊ စာသင်ဝိုင်း ၅၂၄ ဝိုင်း၊ စာသင်သား ကျား ၃၅၈၂ ဦးနှင့် မ ၄၉၂၈ ဦး စုစုပေါင်း ၈၅၁၀ ဦးဖြင့် ဧပြီလ ၄ ရက်နေ့မှ မေလ ၁၈ ရက်နေ့ထိ ရက်ပေါင်း ၄၀ ၊ နာရီပေါင်း ၁၂၀ ဖြင့် ဖွင့်လှစ်သင်ကြား ဆောင်ရွက်နိုင်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြီးကြပ်ဆရာ/ ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြောင်း သိရသည်။




